26 C
Yangon

တိုင်းရင်းသားအားလုံးပါဝင်သည့် Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေး NUG က အားစိုက်ဆောင်ရွက်နေဟု ယာယီသမ္မတ အသိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံးပါဝင်သည့် Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေး အမျိုးသားညီညွတ်ရေးအစိုးရ- NUG က အားစိုက်ဆောင်ရွက်နေဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့တွင် အမျိုး သားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း အသိပေး ပြော ဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပထမ ခြေလှမ်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်၍လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ အထူး သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားများ ပါဝင်သော

Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေးကို အထူးအားစိုက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“အခုအချိန်အထိ မလျှော့သော ဇွဲလုံ့လနဲ့ ဒုက္ခအမျိုးမျိုးကို ကျော်လွှားပြီး ရင်ဆိုင်နေကြတာ တွေကိုလည်း အင်မတန် ဂုဏ်ယူလေးစားပါတယ်။ အမျိုး သားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖက်ဒရယ်ဆူပရင်းကောင်စီ ပေါ်ထွက်လာနိုင်ရေးအတွက် အထူးအားစိုက် ဆောင်ရွက်နေပါတယ်။ဒါ့အပြင် တိုင်း ရင်းသား တော်လှန်ရေးအဖွဲ့အစည်းကြီးတွေနဲ့ အချင်းချင်း ကျယ်ကျယ် ပြန့်ပြန့် ထဲထဲဝင်ဝင် ပူး ပေါင်းဖို့အတွက် ရည်ရွယ်ချက်ရှိပါတယ်။ ဒီလို ရည် ရွယ်ချက်တွေ အပြင် လက်ရှိတွေ့ကြုံဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးကာလမှာ ပြည်သူ့သဘောထားနဲ့အညီ ပြုပြင်ပြောင်းလဲသင့်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။

NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ဝေဖန်မှုများ အားမလို အားမရ ဖြစ်မှုများ ရှိနေသော်လည်း ပကတိ အခြေအနေအတိုင်း လုပ်ဆောင်ရခြင်းဖြစ်၍ အကန့်အသတ်များရှိနေကြောင်း၊ သို့ရာတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် တော်လှန်ရေး မူလရည်ရွယ်ချက်မှ သွေဖယ် မသွားရေး လုပ်ဆောင်ခဲ့ရကြောင်း သမ္မတက ပြောဆိုသည်။

“အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ကျနော်တို့ အနေနဲ့လည်း များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံကို လက် တွေ့ကျကျ ဆွဲစုပြီး အရှိ ပကတိအတွက် အခြေခံပြီး ပြုပြင်ပြောင်းလဲရေး လုပ်ရတာ ဖြစ်တာကြောင့် အကန့်အသတ်တွေ ရှိပါတယ်။ အဲဒီလို အကန့် အသတ်တွေကြားထဲမှာ အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်ကို လည်း မသွေဖယ်သွားစေရန် အထူးဂရုစိုက်ပြီး လုပ်ဆောင်ခဲ့ရပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲရေးဟာ အစုအဖွဲ့အားလုံးရဲ့ စိတ် ကြိုက်တော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးမှာ အားလုံး ဆန္ဒနဲ့ တစ်ထပ်တည်းကျတယ်ဆိုတာမျိုး ရှိခဲပါတယ်။ အများစုရဲ့ ဆန္ဒနဲ့ စစ်မှန်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အနီးစပ်ဆုံးဖြစ်ဖို့သာ အရေးကြီးဆုံးဖြစ်တယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လူထုရဲ့ ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့ သက်သေပြနိုင်ဖို့ ကြိုးစားသွားမှာဖြစ် ကြောင်း ပြောကြားလိုပါတယ်” ဟု သမ္မတက ရှင်းပြသည်။

ကမ္ဘာ့နိုင်ငံရေးနှင့် နိုင်ငံတကာ အခြေအနေများကလည်း မရိုးရှင်းဘဲ ပြည်တွင်း တော်လှန်ရေး အခင်းအကျင်းအပေါ် သက်ရောက်မှုများ ရှိနေကြောင်း၊ စစ်တပ် ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ရုံမျှဖြင့် မလုံလောက်ဘဲ ရွေးကောက်ပွဲအလွန် ကာလ စိန်ခေါ်ချက်များအတွက်လည်း တော်လှန်ရေး အင်အားစုများက ပြင် ဆင်ရမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ အထူး စိုးရိမ်ကြောင်း သမ္မတက ထုတ်ဖော်ပြောဆိုသည်။

” ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ နိုင်ငံအတွက်ရော၊ လက် ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အနေနဲ့ နိုင်ငံ တကာကို ဆက်လက် အကူအညီတွေ တောင်းကြဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားညီညွတ် ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝန်းမှာ ဒီကိစ္စကို အမြဲတမ်းတိုက်တွန်း ပြောဆို နှိုးဆော်တာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းတွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာကပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်တာတွေ လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ယာယီသမ္မတက ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article