31 C
Yangon

စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း CDM ဝင်ခဲ့ကြသော ပညာရေးဝန်ထမ်းများကြောင့် နိုင်ငံတွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲဟု မင်းအောင်လှိုင်ဝန်ခံ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း CDM ဝင်ခဲ့ကြသော ပညာ ရေးဝန်ထမ်းများကြောင့် နိုင်ငံတွင် ပညာရေးဝန်ထမ်းလို အပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံလိုက်သည်။

ယမန်နေ့ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ ဝန်ခံလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က မိမိတို့စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ပညာရေးဝန် ထမ်းအများစုမှာ လုပ်ငန်းခွင်စွန့်ခွာမှုများကို သစ္စာမဲ့စွာဖြင့် လုပ်ဆောင်ခဲ့ကြသော ကြောင့် နိုင်ငံအတွင်း ပညာရေးဝန်ထမ်းများ လိုအပ်ချက်ဖြစ်ပေါ်နေကြောင်း၊ အချို့ပညာရေးဝန် ထမ်းများအနေဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်း ရိုက် ခတ်မှုတို့ကြောင့် လုပ်ငန်းခွင်စွန့်ခွာခဲ့ရမှုများရှိကြောင်း မင်းအောင်လှိုင်က ဝန်ခံ ပြောဆိုသည်။

စစ်တပ်က ထိုသို့ပညာရေးလုပ်ငန်းခွင် စွန့်ခွာခဲ့ရသူများအား အခွင့်အရေးပေးသည့်အနေဖြင့် ပြန်လည်သတင်းပို့သူများကို လုပ်ငန်းခွင်စွန့်ခွာသူများစာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်၍ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်စွန့်ခွာမှုများကို ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများက အများဆုံးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေမှု အခက်အခဲအကြပ်အတည်းများ၊ နိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် ကျော်လွှားခဲ့ရကြောင်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းချိန်တွင် အခြေခံပညာကျောင်း ၄၇၈၅၃ ကျောင်းမှ ဆရာ၊ ဆရာမ ၁၅၇၆၆၈ ဦး ရှိသည့်အနက် ၁၃၃၉၄၃ ဦးက CDM ဝင်ခဲ့ကြောင်း၊ ပြန်လည် သတင်းပေးပို့၍ ခန့်ထားသည့်အရေအတွက်မှာ ၇၉၃၈ ဦးသာရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနတွင် အရာထမ်း၊ အမှုထမ်း ကျန်းမာ ရေးဝန်ထမ်း ၁ဝ၃၂၁၄ ဦးရှိသည့်အနက် CDM ဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းဦးမှာ ၄၇၂၅၄ ဦးအထိရှိခဲ့ပြီး စစ်တပ်က ကျန်းမာရေးနှင့်ပညာရေး ဝန်ထမ်းများကို အရည်အချင်း အဓိကမထားတော့ဘဲ အရေအတွက်ရရှိရေးဖြင့် အရည်အချင်မမီသူအများအပြားကို ဆွဲခန့် ထားခဲ့ကြောင်း သိရှိရသည်။

“ပညာရေးမှာက နေ့စား ၁၀ တန်းအောင်ဆိုတာနဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်း ဆရာ၊ ဆရာမ ဆွဲခန့်ထားတယ်။ ကျန်းမာရေးကတော့ အဓိက စစ်/ဆေး ဆရာဝန်၊ သူနာပြုတွေနဲ့ အစားထိုးတာများတယ်။ အခု အရပ်ဘက် ဆေးတက္ကသိုလ်က ကျောင်းဆင်းစ ဆရာဝန်ပေါက်စတွေကိုလည်း ချက် ချင်း အလုပ်တန်းခန့်နေတယ်။ အဲဒီတာ့ အရည် အချင်းပိုင်းမှာ စံမမီတာတွေတော့ ဖြစ်တယ်။ သူတို့လည်း သိတယ်။ ဒါပေမယ့် အဲဒီလိုမှ မလုပ်ရင် လည်ပတ်လို့ မရတော့ သူတို့လည်း အရည်အချင်းအဓိကမဟုတ်ဘဲ မြင်ရာ အကုန် ဆွဲခန့်တာ”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ CDM ဝင်ခဲ့ကြသော ဝန် ထမ်းများကို အမည်ပျက်စာရင်းသွင်းခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း၊ ပြည်တွင်းရှိ ကျောင်း များနှင့် ဆေးရုံဆေးခန်းများတွင် အလုပ်ခန့်ခွင့် မပြုခြင်း အပါအဝင် ဖိနှိပ်မှုများစွာကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း CDM အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article