ပဲခူးတိုင်း၊ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ဖိနှိပ်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒိုက်ဦးအကျဉ်းထောင်တွင် စစ်တပ်မှအသွင်ပြောင်းလာသော လက်ရှိ ဒုထောင်မှူး ဟိန်းဇင်အောင် ခေါ် ခြေပြတ်က နိုင်ငံရေးအကျဉ်းသားများအပေါ် မတရား ဖိနှိပ်မှုများ ဦးဆောင်ပြုလုပ် စေခိုင်းနေကြောင်း၊ ထောင်တွင်း၌ ရှာဖွေရေးဝင်သည်ဟုဆိုကာ ကျန်းမာရေးအတွက် ဆေးဝါးများ သိမ်းဆည်းထားခြင်းနှင့် စာပေလေ့လာသင်ယူမှုအတွက် စာအုပ်များ၊ စာရွက်စာတမ်းများအပါအဝင် မည်သည့်စာအုပ်၊ စာရွက်စာတမ်း ထားခွင့်မပေးဘဲ သိမ်းဆည်းခြင်း၊ ဖတ်ခွင့်မပေးခြင်းတို့ကိုပြုလုပ်နေကြောင်း သိရှိရသည်။
ထို့ပြင် ရှာဖွေရေးဖြင့် သိမ်းဆည်းရာတွင် ထောင်၌ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် မိသားစုက ပေးပို့သည့် ဆေးဝါးများ၊ သွင်းထားသည့်စာအုပ်များပါ ထောင်အာဏာပိုင်များက အတင်းအကျပ် သိမ်းယူသွားကြောင်း ပါဝင်ကြောင်း သိရှိရသည်။
“ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကနေ စပြီး ဒီဇင်ဘာလထဲမှာ ထောင် ပိုင် အသစ်တွေ ပြောင်းတယ်။ ပြောင်းလာတာနဲ့ အမျှ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်သစ်တစ်ယောက် ရောက်တိုင်းမှာ ဖိနှိပ်မှုတွေ ပြုလုပ်လေ့ရှိတယ်။ ဒီလို ပြု လုပ် မှုတွေအတွင်းမှာပဲ အကျဉ်းထောင်အတွင်းမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပိုပြီးလုပ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်တဲ့ စီမံချက်အသစ်တွေ ဆောင်ရွက်တာတွေကိုလည်း တွေ့ရပါတယ်ဗျ။ ဘာတွေပါ ထပ်တွေ့ရလဲဆိုတော့ အကျဉ်းသားတွေရဲ့ အသက်ရှင်သန်နိုင်ခွင့် ၊ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ဆေးဝါးတွေကို မှီဝဲကြတဲ့ အခြေအနေတွ ရှိတယ်။ ဒီလို အခြေအနေမျိုးမှာ ဆေး ဝါး တွေကို ကန့်သတ်ပိတ်ပင်တာမျိုး အကျဉ်းသားတွေရဲ့ လက်ထဲကို ဆေးဝါးကို အချိန်မီမပို့ပေးတာမျိုး ဒီလိုနည်းလမ်းတွေကို လုပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာအားဖြင့် အဆင်မပြေအောင်လို့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပိုမိုလုပ် ဆောင်လာတာ တွေ့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက် မှုများနှင့် မတရားမှုလုပ်ရပ်များကို ထောင်အာဏာပိုင်များက ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိတ်ပင်တားဆီးခြင်းများကိုပါ ပြုလုပ်လျက်ရှိကြောင်း၊ ကျန်းမာရေး မကောင်းမွန်သော အကျဉ်းသားများမှာ ဆေးဝါးမှီဝဲရန် လိုအပ်ချိန်တွင် ဆေးနှင့်ဆေးပစ္စည်းများ မရရှိကြောင်း သိရှိရသည်။
ထို့ပြင် အကျဉ်းသားများ စျေးဘားမှ မတန်တဆပေးဝယ်ထားရသည့် ပစ္စည်းမှန်သမျှကိုလဲ သိမ်းဆည်းနေတဲ့ ဖြစ်စဉ်များလဲ ရှိကြောင်း၊ မိသားစုမှ ထောင်ဝင်စာပို့သည့် စားစရာများမှ အချို့ကို ထောင်ဗူးဝမှ ရှာဖွေရေးပြုလုပ်နေသည့် အကျဉ်းဦးစီးဝန်ထမ်းတွေက သိမ်းဆည်းယူသည့် ဖြစ်ရပ်များ၊ မိသားစုမှပေးပို့သည့်စားစရာများကို အပြည့်အဝမရရှိနေသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများမှ ဆေးဝါးကုသစောင့်ရှောက်မှုမလုံလောက်တဲ့ဖြစ်စဉ်များကို တင်ပြတောင်းဆိုသည့်အခါ နာမည်စာရင်းများမှတ်ထားပြီး တောင်းဆိုတင်ပြသူ များကို လေးဘက်ထောက်သွားခိုင်းကာ ရိုက်နှက်နှိပ်စက်ကာ တိုက်ထဲပို့သည့်ဖြစ်စဉ်များ စသည့် အကြမ်းဖက် စစ်တပ်၏ တစ်မိန့်အာဏာစနစ်နှင့် ထိန်းချုပ်၍ နိုင်ငံရေးအကျဉ်း သားများအပေါ် ဆိုးဆိုးဝါးဝါးနှိပ်စက်နေခြင်းများကို ကျူးလွန်နေကြောင်း သိရှိရသည်။
“ဒိုက်ဦးထောင်ဟာ အာဏာသိမ်းပြီးကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့ ထောင်တစ်ခုဖြစ်တယ်။ ဒီထောင်ကို ပြောင်းလာတဲ့ အာဏာပိုင်တွေကလည်း ပိုမိုဆိုးဝါးတဲ့ ထောင် ပိုင်တွေကိုပဲ ဒီထောင်မှာ ခန့်အပ်လေ့ရှိတယ်။ ဒါဟာ အင်မတန်ကိုမှ သတိထားရမယ့် ကိစ္စဖြစ်တယ်။ ပိုပြီးမှ စောင့်ကြည့်ရမယ့် အကျဉ်းထောင်တွေထဲမှာ ဒိုက်ဦးထောင်ကို ချန်ထားလို့မရဘူးဆိုတာကို ပိုပြီး တွေ့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအပေါ် ဆိုးရွားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပြီး စိုးရိမ်ရသည့်ခြေအနေတခုဖြစ်သည့်ကြောင်း PPNM က သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




