ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မဲရုံဆောက်ထားသော ကျေးရွာများနှင့် တပ်စွဲထားသော နေရာများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ ကိုဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ရေတာ ရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာ နှင့် အနောက် ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့တွင် မဲရုံများ တည်ဆောက်ကာ အနီးအနားကျေးရွာများမှ ပြည်သူများကို မဲထည့်ရန် ဖိအားပေးဆောင်ရွက်လျက်ရှိကြောင်း ၊ ထို့ကြောင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နေပြည်တော် PDF တပ်ရင်းများမှ တော်လှန်ရေး ရဲဘော်များက ရေတာရှည်မြို့နယ်တွင်း အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဆွာမကြီး ၊ ရွာသစ် ၊ အိုးမြေဒူးကျေးရွာနှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာတို့ကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦး သေဆုံးကာ စစ်တပ်က အထိုင်ချထားသော မဲရုံတည်ဆောက်ထားသည့် ဆွာမကြီး ကျေးရွာအတွင်းရှိ အထိုင်စခန်းတချို့နှင့် မဲရုံနေရာများကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှ အရှေ့ဘက်ကမ်းသို့ စစ်ကူ အင်အားများ ဖြည့်တင်းခြင်း၊ လေယာဉ်ဖြင့်ဗုံးကျဲခြင်း ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခြင်းများ လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက် စစ်တပ်က အတု အယောင်ရွေးကောက် ပွဲကျင်းပမည့် မဲရုံတည်ရှိရာ ဆွာမကြီးကျေးရွာ မဲရုံကိုလည်း အနောက်ဘက်ကမ်းသို့ ရွေ့ပြောင်းထားကြောင်း သိရှိရသည်။
“စစ်ခွေးထပ်တိုး သေးဆုံးမှုရှိနိုင်ပါတယ်။ ထိခိုက်တွေကိုလည်း စစ်တပ်ဘက်က ပြန်သယ်သွားတာရှိတယ်။ ရွာလေးရွာရှိ စခန်းတွေပေါင်းလိုက်ရင် စုစု ပေါင်းအင်အား ၃၀၀ ခန့်ရှိပါတယ်။ အရှင်ဖမ်းမိတာမျိုးတော့မရှိဘူး။ စစ်ခွေးရဲ့ ကျည်ဘောက် ယူနီဖောင်း ၊ 40 မမ ဗုံးအချို့ သိမ်းဆည်းရရှိတာမျိုးရှိပါတယ်။ ကျည်နဲ့ ၄၀ မမ ကျည်အချို့ကတော့ တိုက်ပွဲထဲ ကောက်ရင်း ချက်ချင်းသုံးလိုက်တာ နေပြည်တော် PDFတပ်ရင်းများ စုပေါင်းတိုက်ပွဲဝင်တာပါ” ဟု နေပြည်တော်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ ကိုဇင်ယော်က ပြောဆိုသည်။
နေပြည်တော် PDF အနေဖြင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တားဆီး နိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်သော နေရာများအားလုံးကို ဖြစ်နိုင်သောနည်းလမ်းများ အားလုံးဖြင့် ဟန့်တားသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို မဲမထည့်ခြင်းဖြင့် ဆန့်ကျင်တားဆီး ပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်း ကိုဇင်ယော်က ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





