25 C
Yangon

စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ပြီးဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တော်လှန်ရေး ဆက်ဆင်နွှဲသွားမည်ဟု NUG နှင့် NUCC က ပူးတွဲ ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက် စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ပြီးဖြစ်၍ နိုင်ငံရေးလမ်းပြ မြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တော်လှန်ရေးကို ဆက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ပူးတွဲ ကြေညာသည်။

မတရားအာဏာသိမ်းထားသော တရားမဝင် စစ်အုပ်စုသည် ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှာ မြန်မာ့နိုင်ငံ ရေး ပြဿနာ (Political Crisis) ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက် မဟုတ်သကဲ့သို့ တိုင်းရင်သား ပြည်သူလူထု မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက် ပန်းတိုင်ကို လုံး၀ ရရှိနိုင်မည်မဟုတ်ကြောင်း နှစ်ဖက် ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပယ်ဖျက်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေ အောက်တွင်လည်း မြန်မာ့နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး၏ ပင်မ နိုင်ငံရေး လမ်း ကြောင်း ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် အပိုင်း ၁ ၊ အပိုင်း ၂ ၊ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပြည်သူများအနေဖြင့် မတရားအာဏာသိမ်းထားသည့် အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ဆန့်ကျင်ကြရန် မေတ္တာရပ်ခံလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်မှာ နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင် ပြည်သူတို့၏သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းမှာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း တော်လှန်ရေး အင်အားစုများ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၆ ချက်ကို ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

အဆိုပါ နိုင်ငံရေးရည်မှန်းချက် ၆ ချက်မှာ –

(၁)စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်းအား အဆုံး သတ်ရန်။

(၂)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။

(၃) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းရန်။

(၄)လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။

(၅)ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။

(၆) ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် တို့ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့် သဘောထားကို အတုအယောင် ရွေးကောက်ပွဲအလွန်ကာလအထိ ခိုင်ခိုင်မြဲမြဲ ဆက်လက် ရပ်တည်ပေးကြပါရန်၊ အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် ရလဒ်များကိုလည်း အသိ အမှတ်မပြုကြပါရန် အလေးအနက် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article