ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက်စစ်တပ်၏ ဖာပွန် ဗျူဟာစခန်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံနေကြောင်း နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ဖာပွန်မြို့ရှိ ဖာပွန်ဗျူဟာကုန်းကို KNU/KNLA ဦးဆောင်သော မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ကလည်း ဖာပွန် ဗျူဟာကုန် မကျဆုံးရေး လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်နေကြောင်း၊ ဗျူဟာကုန်း အနီးတဝိုက်ကိုသာ တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိသေးကြောင်း သိရှိရသည်။
အဆိုပါ ဖာပွန်ဗျူဟာကုန်းတွင် အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၄၀ ၊ ခြေမြန်တပ်ရင်း ၃၄၁ နှင့် တပ်မတော်ဆေးရုံ (တဆရ) ၂၁ မှ စစ်သားများ ပူးပေါင်း အထိုင်ချထားပြီး အင်အား ရာနှင့်ချီရှိကြောင်း သိရသည်။
“ဖာပွန် ဗျူဟာကုန်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး KNU/KNLA ဦးဆောင်တဲ့ မဟာမိတ် တော် လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ဗျူဟာ စခန်းကိုတော့ မသိမ်းပိုက်နိုင်သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး ပြန့်နှံ့နေတာတော့ရှိပါတယ်။ အခုက ကျနော်တို့ ပူးပေါင်းတပ်တွေနဲ့ ဆက်လက်တိုက်နေတုန်းပါ။ စစ်ခွေးတွေ ဘက်ကလည်း လက်နက်ကြီးပစ်တာတွေ လေယဥ်နဲ့ ဗုံးလာလာကျဲတာတွေက နေ့တိုင်းလိုလိုပါပဲ။ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ဗျူဟာကုန်းအနီးတစ်ဝိုက်မှာပဲ စစ်ရေး ဖော်ဆောင်နိုင်သေးတာပါ” ဟု နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက ပြောဆိုသည်။
KNU/KNLA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့သည် ဖာပွန်ခရိုင်အတွင်း ပထမလှိုင်း စစ်ဆင်ရေးအဖြစ် အကြမ်းဖက် စစ်တပ်၏ ခလရ ၁၉ ၊ ခမရ ၄၃၄ ၊ စစန ၆၄၂ ၊ ဖာပွန်ခရိုင် ကမမောင်း လမ်းပေါ်ရှိ မယ်ထော်စခန်း ၊ ဆင်စွယ်စခန်း ၊ တောင်သုံးလုံးစခန်းနှင့် ကတိုင်တိ စခန်းတို့ကို သိမ်းပိုက်ထားကြောင်း၊ ထိုစခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်ရာတွင်လည်း နဂါးနက်စစ်ကြောင်း (Black Dragon Column) အနေဖြင့် ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ်တွင် စစ်တပ်၏ ဖာပွန်မြို့ တပ်ရင်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




