26 C
Yangon

ဖားကန့်၊ လောင်းလုံးနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာလမ်းမကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ ဆန်းကြွယ်ဘုရားကုန်း၌ တပ်စွဲထားသော စစ်တပ်နှင့် လုံးခင်းကျေးရွာ အုပ်စု၊ ခွန်ဆာကုန်း၌ တပ်စွဲထားသော စစ်တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဖားကန့်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သော ကျေးရွာများကို လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ယူမာကျေးရွာလမ်းမပေါ်ရှိ ဆီဆိုင်တစ်ဆိုင်အနီး ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူ တစ်ဦး လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီဘက် ကလည်း အပြန်အလှန် ပစ်တာရှိတယ်။ အဲဒါကြောင့် ယူမာလမ်းပေါ်က ဆီဆိုင် မှာ ဆီထည့်နေတဲ့ ပြည်သူတစ်ယောက် စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး သေဆုံး တာရှိတယ်။ ဒီမနက်အထိ ဖားကန့်၊ ဆိုင်းတောင်ဘက်မှာ လက်နက်ကြီးသံ ကြိုကြား ကြိုကြား ကြား ရတာရှိတယ်” ဟု ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထားဝယ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ အစိုးရတိုင်းရုံး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် တောင်မင်းပြောင်ရွာနှင့် ထိန်တွင်းရွာတို့ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထိန်းတွင်းရွာမှ အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ တောင်မင်းပြောင်ရွာမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်ဝိုင်းစိန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထားဝယ်မြို့ပေါ်က စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ လောင်းလုံးက ရွာတွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ လက်နက်ကြီးကျည်ကျလို့ လောင်းလုံးမြို့နယ် ဘက်ခြမ်းက တောင်မင်းပြောင်ရွာက ဒေါ်ဝိုင်းစိန် ကတော့ ထိခိုက်ဒဏ်ရာရပြီး ထိန်တွင်းရွာက အသက်၅၀ နှစ် အရွယ်အမျိုးသား ၁ ဦး သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီ နှင့် ၁၂ နာရီတွင် အကြမ်းဖက် စစ်တပ်၏ အမတ- ၃၁၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး၊ ၈၁ မမ လက်နက်ကြီး ၄ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အခိုင်ကျေးရွာ၊ မုက္ခမော့ရွာဘေး ဘောလုံးကွင်းတို့တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုင်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ရော့ကတ်များဖြင့် ချောင်းဝရွာပြင် သုဿန်အနီးနှင့် ချောင်းဝရွာဘုန်းကြီးကျောင်းအနီးကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အမတ- ၃၁၀ တပ်ရင်းကလည်း ၁၂၀ မမ လက်နက်ကြီး ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ခရွဲရွာနှင့် ချောင်းဝရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အလူးရွာကြီးအနီးရှိ ခတ္တာဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ရောက်ရှိနေသော သံတံတားရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦး၊ ဘန့်ဘွေးကုန်းရွာတွင် နေထိုင်သော အမျိုးသမီး ၁ ဦး နှင့် လေးကေရွာတွင်နေထိုင်သော အမျိုးသမီး ၁ ဦးတို့ လက်နက်ကြီးကျည် ထိမှန် သေးဆုံးကာ အလူးရွာကြီးနေ အမျိုးသမီး ၁ ဦးနှင့် သံတံတားရွာတွင် နေထိုင်သော အမျိုးသား ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article