ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရှိ ဒိုက်ဦးထောင်တွင် ခရစ္စမတ်နေ့ ဆုတောင်းမှု လုပ်သည့် နိုင်ငံရေးအကျဉ်းသူများကို ထောင်အာဏာပိုင်များနှင့်ရာဇဝတ်အကျဉ်းသားများက အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ်နေ့တွင် ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီးဆောင်အတွင်း ဆုတောင်း နေကြသည့် နိုင်ငံရေးအကျဉ်းသူများကို ဒုထောင်ပိုင် ဟိန်းဇင်အောင်နှင့်အတူ အမျိုးသားအကျဉ်းသား ၃ ဦးက ဝင်ရောက်ရိုက်နှက်ခဲ့ကြသဖြင့် အကျဉ်းသူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းအပြင် အကျဉ်းသူ ၁၅ ဦးမှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခံရပြီး ထောင်ဝင်စာနှင့် ပါဆယ်လ် ပို့ဆောင်ခွင့်များပါ ပိတ်ပင်ခံခဲ့ရကြောင်း သိရှိရသည်။
“ခရစ်စမတ်မတိုင်ခင်ကတည်း ဒုထောင်ပိုင် ဟိန်းဇင်အောင်ဆိုတဲ့ စစ်တပ်ဘက်က အသွင်ပြောင်း မိုးကျရွှေကိုယ်က ဒိုက်ဦးထောင်ကို ထောင်ပြောင်း တာဝန်ယူလာတယ်။ သူရောက်ပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်တာတွေကို ဆိုးဆိုးဝါးဝါးပြုလုပ်နေတယ်။ အမျိုးသားတွေကိုသာ မက အမျိုးသမီးတွေအပေါ်မှာပါ Gender ကို အခြေပြုပြီးမှ အကြမ်းဖက်မှုတွေကို ဆိုးဆိုးဝါးဝါးကို လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် အကျဉ်းဦးစီးဌာနက အင်းစိန်ကနေ ထောင်ပြောင်းနဲ့ ရောက်လာကြတဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို အဆိုပါ ထောင်ပိုင် ဟိန်းဇင်အောင်က သူ့ရဲ့ လက်ကိုင်တုတ်တွေ အဖြစ် တပည့်မွေးပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ခိုင်းတာ။ အခြားအမျိုးသမီးဆောင်တွေကို သွားတဲ့အခါမှာလည်း တခြားရာဇဝတ်အကျဉ်းသားတွေကို အလုပ်ကို အကြောင်းပြပြီး ခေါ်ဆောင်တာမျိုးတွေလည်းတွေ့ရပါတယ်။ ဒါဟာ အမျိုးသမီးတွေအတွက်သာ မက LGBT တွေ၊ နိုင်ငံရေးအကျဉ်းသူတွေအားလုံးအတွက် အင်မတန်ကိုမှ လိင်ပိုင်းဆိုင်ရာအားဖြင့် ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်တယ်။ ဒီလူဟာ တခြားထောင်တွေမှာ နေစဉ်ကတည်းကလည်း လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ နာမည်ဆိုးနဲ့ ရှိတယ်လို့ ရှိတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ ပြောဆိုချက်တွေ အရ သိရတဲ့အခါမှာ ဒိုက်ဦးအကျဉ်းထောင်အတွက် အင်မတန်မှ ပူပင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသဖြင့် အကျဉ်းသားများ ကိုယ်ထူကိုယ်ထ စုဆောင်းထားသော ကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ ဆေးဝါးများကိုလည်း ထောင်အာဏာပိုင်များက သိမ်းဆည်းသွားခဲ့ကြောင်း၊ ဆေးဝါးလုံလောက်စွာရရှိရန် တောင်းဆိုသည့် အကျဉ်းသားများကို နာမည်စာရင်းမှတ်ထား၍ လေးဘက်ထောက်ခိုင်းကာ ရိုက်နှက်ခြင်းနှင့် မိသားစုများ ပေးပို့သည့် ဆေးဝါးများကို ဆက်တိုက်သိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ဒိုက်ဦး ထောင်အာဏာပိုင်များက ထောင်အတွင်း ကိုယ်တိုင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုများ ပြုလုပ်နေသော်လည်း နိုင်ငံရေးအကျဉ်းသားများကိုမူ မူးယစ်ဆေးဝါး တွေ့ရှိသည်ဟု မဟုတ်မမှန် စွပ်စွဲကာ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ထို့အတူ ဒုထောင်ပိုင်က အမျိုးသမီးဆောင်အတွင်းသို့ မကြာခဏ ဝင်ရောက်နေပြီး အခြားသော အမျိုးသားအကျဉ်းသားများကိုပါ ခေါ်ဆောင်သွားခြင်းများ ပြုလုပ်နေသဖြင့် နိုင်ငံရေးအကျဉ်းသူ များ၏ လုံခြုံရေးအတွက် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်နေ၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနီးကပ်စောင့်ကြည့်ပေးရန်နှင့် ကျူးလွန်နေသည့် ထောင်အာဏာပိုင်များကို ဖိအားပေး တားဆီးပေးရန်လည်း တောင်းဆိုထားကြသည်။
“ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖိနှိပ်မှုတွေ၊ အမျိုးသမီးတွေအပေါ်မှာ ရိုက်နှက်ဖိနှိပ် တိုက်ပိတ်မှုတွေ အားလုံးအတွက် ဒီ ဒုထောင်ပိုင်၊ ထောင်ပိုင်နဲ့ ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်တို့ အားလုံးဟာ သေချာပေါက် တာဝန်ယူရမှာ ဖြစ်တယ်လို့ သတိပေးပြောကြားလိုပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
ဒိုက်ဦးအကျဉ်းထောင်မှ အခြေအနေ ဆိုးရွားနေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)၊ ကရင်နီနိုင်ငံရေးအကျဉ်း သားများအစည်းအရုံး (KPPA) နှင့် မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့တို့ပူးပေါင်း၍ ကြေညာချက် ထုတ်ပြန် သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




