27 C
Yangon

ကလေးမြို့နယ်၊ မြို့လှရွာထိပ်၊ စစ်တပ်ဂိတ်မှ စစ်သားများက ဒေသပြည်သူ ကိုမောင်ကြီးကို နှိပ်စက်ပစ်ခတ် သတ်ဖြတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြို့လှရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်မှ စစ်သားများက ဒေသပြည်သူဖြစ်သော ကိုမောင်ကြီးကို နှိပ်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်း မြို့လှအထိုင်ဂိတ်မှ အကြမ်းဖက်စစ်သားများက ကျေးရွာအတွင်း သွားလာနေသည့် ကိုမောင်ကြီး ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ထိမှန် ဒဏ်ရာရရှိချိန်တွင်လည်း သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သေနတ်နှင့် ပစ်ခတ်ပြီးသည့် နောက်တွင်လည်း ဆေးကုသပေးခြင်းမရှိဘဲ ရုပ်အလောင်းတွင် ထုရိုက်ခံရသည့် ဒဏ်ရာဒဏ်ချက်များ တွေ့မြင်ရကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

“မြို့လှရွာ အဝင်မှာ ဂိတ်ထိုင်ထားတဲ့ စစ်တပ်ဂိတ်ရှိတယ်။ ဒီကောင်တွေက ကြည့်ရတာတော့ ဖဲရိုက်တာ ဖဲရှုံးတော့ အကြံအဖန်လုပ်မယ်ဆိုပြီး လှည့်ပတ်ရင်းနဲ့ အခု ဆုံးတဲ့ ကောင်လေးက မူးယစ်ဆေးဝါး နည်းနည်းပါးပါး သုံးတယ်။ သူ့ကို တွေ့တော့ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားတာ။ အဲဒီကောင်လေးက မြို့လှရွာသားပုံစံမျိုးပဲ ဖြစ်နေတာ ။ သူတကယ်နေတာက ကလေး ဒကစ နားက အောင်ဇေယျရပ်ကွက်မှာ နေတာ။ သူက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်လိုက်တာ။ ချက်ချင်း မသေဘူး။ အခု အသုဘချတဲ့အချိန် သူများတွေလည်း ပြောတယ် မျက်နှာတွေရော ခေါင်းတွေရော သေနတ်ဒင်တွေနဲ့ ဆောင့်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ တစ်ညလုံး သေနတ်ဒဏ်ရာကို ဆေးလည်း မကုဘဲ အဲဒီအတိုင်း ထားတာ ။ မနက်ကျတော့ သေသွားတာ သွေးထွက်လွန်ပြီးတော့။ သေနတ်ဒဏ်ရာက ရင်ဘတ်ကို ကန့်လန့်ဖြတ်သွားတာ ဟိုဘက်ဒီဘက်ပေါက်သွားတာ။ ဒီနေ့ချပြီး မီးသင်္ဂြိဟ်တယ် ဘာအပြစ်မှ မရှိဘဲနဲ့ ပစ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသူ အသက် ၄၃ နှစ်အရွယ် ကိုမောင်ကြီး၏ အလောင်းကိုလည်း စစ်သားများက ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ မိသားစုဝင်များက သေဆုံးကြောင်း ကြားသိ၍ လိုက်သွားချိန်တွင်လည်း ရုပ်အလောင်းကို ချက်ချင်း တွေ့ခွင့်မပေးဘဲ အချိန်ဆွဲခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အဲဒီစစ်သားတွေက အလောင်းဖျောက်ဖို့ လုပ်သေးတယ်။ ရွာက လူတွေက သိတော့ သူ့အိမ်ကို အကြောင်းကြားတော့ အိမ်က လိုက်တော့ တွေ့ခွင့် မပေးဘူး။ နောက်မှ တွေ့ခွင့်ပေးတယ်။ သူတို့က အလောင်းဖျောက်မယ့် ပုံစံမျိုးတောင် လုပ်တယ် အဲဒီလိုမျိုး။ တကယ်က စစ်တပ်က သူတို့ အကြံအဖန်လုပ်ဖို့အတွက် ဖမ်းရင်းနဲ့ ပစ်သတ်ရင်း နှိပ်စက်ရင်းနဲ့ သေသွားတာကို” ဟု ဒေသပြည်သူက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article