ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU – တောင်ငူခရိုင်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်သားများက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် သံတောင်ကြီးမြို့ အမှတ် ၁ ရပ်ကွက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၃၂ နှစ်အရွယ် နော်လားမေဖော သည် လက်နက်ကြီးကျည်စ မေးစေ့တွင် ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က သံတောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲပုံးများကို ခလရ-၁၂၄ တပ်ရင်းနှင့် တိုက်ခိုက်ရေးကျောင်း ၂ နေရာတွင် တပ်နှင့်ဝန်ထမ်းများသာ မဲပေးနိုင်ခဲ့ပြီး ဒေသပြည်သူများ မဲပေးခြင်း မရှိကြောင်း၊ သံတောင်ကြီးမြို့တွင် ရွေးကောက်ပွဲ ကာလအတွင်း လက်နက်ကြီး ပစ်ခတ်မှုများသာမက လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် ပြည်သူလူထုများ သွားလာရာတွင် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် သွားလာနေရကြောင်း KNU တောင်ငူခရိုင်က ပြောဆိုထားသည်။
ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် လိပ်ခြံဘက်ကျေးရွာနှင့် သဖန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၅ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် မကွေး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးက ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံဘက်ကျေးရွာနှင့် သဖန်းကုန်းရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် လိပ်ခြံဘက်ကျေးရွာနှင့် သဖန်းကုန်းကျေးရွာမှ ပြည်သူများ အပါအဝင် ကျေးရွာ ၅ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာတွေကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လိပ်ခြံဘက်နဲ့ သဖန်းကုန်းရွာဘက်တွေကိုပစ်တာပါ။ စစ်ခွေး လေကြောင်း တိုက်ခိုက်တာ ၉ ကြိမ် ကျဲသွားတာပါ။ ဗုံး ၅၀ ကျော်ကျဲတယ်။ စစ်ခွေးတွေ နောက်ထပ် လေကြောင်း တိုက်ခိုက်လာမှာကိုစိုးရိမ်လို့ ပြည်သူတွေကတော့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – နိုဝင်ဘာလအတွင်း စစ်တပ်က စစ်ကြောင်းထိုး၍ ထွက်ပြေးနေရသော ပေါက်မြို့နယ်မှ ပြည်သူများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




