ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အပိုင်းလိုက်ခွဲ ကျင်းပနေသော ရွေးကောက်ပွဲများကို အလျှင်စလို အသိအမှတ်ပြုမှုများနှင့် တရားဝင်မှု ပေးအပ်မှုများကို ရှောင်ကြဉ်ကြရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က သတိပေးပြောဆိုသည်။
မလေးရှားဝန်ကြီးချုပ်က ဒီဇင်ဘာ ၃၀ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
“အခြေအနေတွေကို သုံးသပ်တဲ့အခါ အလောတကြီး မဟုတ်ဘဲ အစီအစဉ်တကျ လုပ်ဆောင်သွားမှာပါ။ အကြမ်းဖက်မှုတွေ လျှော့ချနိုင်မှု၊ စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားစေမယ့် လုပ်ရပ်တွေကို ရှောင်မှု၊ အချိန်မတန်ခင် (ရွေးကောက်ပွဲကို) အသိအမှတ်ပြု တရားဝင်ဖြစ်စေတာမျိုး မလုပ်တာမျိုးတွေ ပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရှေ့ဆက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာဖို့ကိုပဲ အဓိကထားပြီး အကဲဖြတ် စောင့်ကြည့်သွားမှာပါ” ဟု မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကို အပိုင်း ၃ ခုဖြစ့် ပြုလုပ်နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပထမအဆင့်အဖြစ် မြို့နယ် ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း၊ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်သွားရန် စီစဉ်ထားသည်။
သို့သော်လည်း လက်ရှိတွင် စစ်တပ်၏ ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အတုအယောင် အဖြစ် ခေါ်ဆို ဝေဖန်ထားကြသည်။
အာဆီယံက ရွေးကောက်ပွဲကို ဂရုတစိုက် စောင့်ကြည့်ကြောင်း ပြောဆိုနေချိန် တရုတ်အစိုးရကမူ ရွေးကောက်ပွဲ ပထမအဆင့် အောင်မြင်ကြောင်း တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာ ပြောဆိုထားသည်။
မြန်မာစစ်တပ်ကမူ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့နယ်ပေါင်း ၁၀၂ ခုတွင် ပြုလုပ်သော ရွေးကောက်ပွဲ ပြည်သူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းက မဲလာပေးကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




