ကရင်ပြည်နယ်၊ သံတာင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ ဗျူဟာကုန်း စစ်စခန်းကို တော်လှန်ရေးတပ်များက ၅ ရက်ဆက်တိုက် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ၅ ရက်ဆက်တိုက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အထူးဒေသရှိ ခမရ ၆၀၃ စစ်တပ် ဗျူဟာကုန်းစခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်များက ရှော့တိုက်ဒုံးများဖြင့် နေ့စဉ် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်တပ်စခန်းအတွင်းရှိ ပစ်မှတ်များကို တိတိကျကျ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ရှော့တိုက်ဒုံးနဲ့ ပစ်မှတ်ခတ်မှုမှာ စစ်တပ်ရဲ့ စခန်းအတွင်း ပစ်မှတ်တွေကို တိတိကျကျနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်တပ်ဘက်မှာ အထိအခိုက် အကျအဆုံးများစွာ ရှိတယ်လို့ သိရတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စစ်တပ်နှင့် KNLA တပ်များအကြား စစ်ရေးတင်းမာမှုများရှိနေပြီး မြို့ပေါ်ဧရိယာမှ လွဲ၍ ကျေးရွာပတ်ဝန်းကျင်နှင့် လမ်းပိုင်းများအားလုံးကို KNLA နှင့် KNDO တပ်များက ထိန်းချုပ်ထားကြောင်း သိရှိရသည်။
လတ်လော စစ်တပ်က စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ဒေသပြည်သူများမှာ စစ်ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်စစ်ကြောင်းကို KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




