ကချင်ပြည်နယ် ဖားကန့်မြို့တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေ၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်ဟောင်းနောက်ဆုံးနေ့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖားကန့် တပ်မကုန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများမှာ စိုင်းတောင် ရပ်ကွက် ၁ မှ ဘက်သို့ ကျရောက်ပေါက်ကွဲ၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“အကြမ်းဖက်စစ်ကောင်စီက မနေ့က နှစ်သစ်ကူး အကြို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဖားကန့်တပ်မကုန်းက လက်နက်ကြီး ၃ လုံးလောက် ပစ်တာပေါ့။ စိုင်းတောင် ရပ်ကွက် ၁ ဘက်ကို ကျတယ်။ ကျတော့ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရတာ ရှိတယ်။ ဒီနှစ်သစ်ကူးအချိန်မှာပဲ ပြည်သူတွေ ရှိတဲ့ နေရာကို ရမ်းသမ်းပစ်ခတ်နေတယ်ပေါ့။ ပြီးတော့ ညလည်း တောက်လျှောက် လက်နက်ကြီး ပစ်တယ်။ ည ၁၁ နာရီ ကနေ ဒီမနက် ၁ နာရီ အထိတောက်လျှောက်ပေါ့နော်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ဖားကန့်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးကျဲမှုများလည်း နေ့စဉ်လိုလို လုပ် ဆောင်နေကြောင်း သိရှိရသည်။
“ဖားကန့်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတွေတော့ မရှိဘူး။ စစ်ကောင်စီက ပြည်သူတွေ ရှိတဲ့ဘက် တောက်လျှောက်ပစ်နေတယ်။ ပြည်သူတွေ ရှိတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖားကန့်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းများနှင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ၃၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ – ဖားကန့်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




