ရန်ကုန်၊ ဇန်နဝါရီ ၁
မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး မဟာမိတ်တပ်ပေါင်းစု ပေါ်ပေါက်လာရေး ကြိုးပမ်းနေပြီး စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် တိုက်ပွဲဝင်သွားကြရန် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက် တွန်းပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် ၂၀၂၆ ခုနှစ် နှစ်သစ်ကူး အခါသမယအဖြစ် ပြည်သူသို့ ပြောကြားသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်း ပြောဆိုသွားခြင်းဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မဟာမိတ်တပ်များ ပူးပေါင်းပါဝင်သော နိုင်ငံရေး၊ စစ်ရေး သဘာတူညီသည့် မဟာမိတ်တပ်ပေါင်းစုကြီးဖြစ်ပေါ်လာရေး လုပ်ဆောင်နေကြောင်း၊ စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြော ဆိုသည်။
“ဒီလို ဆိုးသွမ်းလှတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းဖို့အတွက် နိုင်ငံရေး စစ်ရေး သဘောတူညီတဲ့ တော် လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို စုစည်းပြီးတော့ အကုန် ပူးပေါင်း လက်တွဲပြီးတော့ စစ်ရေးမဟာမိတ်တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒီစစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီး ဝါဒချုပ် ငြိမ်းသွားတဲ့အထိ တော်လှန်ရေး မဟာမိတ်တပ်တွေအားလုံးပေါင်းပြီး အတူလက်တွဲပြီးတော့ စုစုစည်းစည်းညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ နှိုးဆော်တယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။
၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် စစ်တပ်ထိန်းချုပ်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က အလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်လာ၍ နယ်မြေများ ပြန်လည် လက်မလွှတ်ရရေး ခုခံစစ်ကို အဓိက လုပ်ဆောင်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
“၂၀၂၅ တစ်နှစ်ပတ်လုံးရဲ့ စစ်ရေး အခြေအနေကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတချို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ပေမယ့် စစ်ကော်မရှင် ကနေ မိမိတို့ ထိန်းချုပ် တိုက်ခိုက် သိမ်းပိုက်ထားတဲ့ ဒေသတွေကို အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့အတွက် မိမိတို့အနေနဲ့ အင်တိုက် အားတိုက် ပြန်လည် ခုခံပြီးတော့ ထိန်းချုပ် နယ်မြေတွေကို လက်မလွှတ်ရအောင် ပြန်လည် တိုက်ခိုက်နေရတဲ့ အခြေအနေက အဓိက ဖြစ်တယ်။ စစ်ကော်မရှင်တွေအနေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ၊ ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ်၊ ဒရုန်းနဲ့ လေယာဉ်နဲ့ ဗုံးကျဲတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ် အိုးအိမ်တွေ ထိခိုက်ပျက်စီးတယ်။ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရတယ်။ သေကြေတာတွေ အများကြီးဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်တပ်က ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုပြီး တည်မဲရေးစေရေးအတွက် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် မိမိတို့၏ မဲတစ်ပြားကြောင့် မြန်မာပြည်သူအများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း သူက ထောက်ပြသည်။
ယင်းအပြင် စစ်တပ်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား စုစည်းညီညွတ်မှုရရှိပြီး အင်အားကြီးလာမည်ကို စိုးရိမ်ကြောက်ရွံ့၍ အချင်းချင်းအကြား သွေးကွဲစေရေး လုပ်ဆောင်နေကြောင်း၊ ထို့သို့ လုပ်ဆောင်မှုများကို သတိပြုရန် လိုအပ်ကြောင်းသူက ထောက်ပြသည်။
“စစ်ကော်မရှင်အနေနဲ့ တော်လှန်ရေးအဖွဲ့ရဲ့ စုစည်းပြီးတော့ အင်အားကြီးလာမှာကို သူတို့က ကြောက်ရွံ့တယ်။ ကြောက်ရွံ့တဲ့အတွက် ဒီတော်လှန်ရေးအဖွဲ့အချင်းချင်း တိုင်းရင်းသားလူမျိုးအချင်းချင်းအကြားမှာ သွေးကွဲအောင် ပြည်သူ့စစ်တို့ BGF တို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ တိုင်းရင်းသားအချင်းချင်း လက်နက်တပ်ဆင်ပေးပြီးတော့ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် လုပ်နေတယ်။ တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သွေးကွဲအောင် စည်းလုံးမှု ပျက်ပြားအောင် သူတို့က နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစား လုပ်ဆောင်နေတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောဆိုသွားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




