30 C
Yangon

NUG ထိန်းချုပ်နယ်မြေရှိ အကျဉ်းထောင်များမှ သက်ကြီးပိုင်းအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၁၀ ကို နှစ်သစ်ကူး လွတ်ငြိမ်းခွင့်ပြု၊ ကျန်အကျဉ်းသားများကို ပြစ်ဒဏ် ၃ ပုံ ၁ ပုံ လျှော့ပေါ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထိန်းချုပ်နယ်မြေရှိ အကျဉ်းထောင်များမှ သက်ကြီးပိုင်းအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၁၀ ဦးကို နှစ်သစ်ကူး လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ကျန်အကျဉ်းသားများကို ပြစ်ဒဏ် ၃ ပုံ ၁ ပုံ လျှော့ပေါ့လိုက်ကြောင်း NUG က ယနေ့ တရားဝင် ထုတ်ပြန် ကြေညာသည်။

၂၀၂၆ ခုနှစ်သို့ ကူးပြောင်းသော နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် NUG ထိန်းချုပ်နယ်မြေရှိ အကျဉ်းထောင်များမှ အသက်ကြီးပိုင်းအကျဉ်းသားများ အပါအဝင်အကျဉ်းသား ၁၁၀ ဦးကို ခြွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကျန်အကျဉ်းသားအားလုံးကိုလည်း ပြစ်ဒဏ်၏ ၃ ပုံ ၁ ပုံ လျှော့ပေါ့ပေးလိုက်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်နှင့် ပတ် သက် ၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ရွေးချယ်လွှတ်ပေးခြင်းဖြစ်ကြောင်း၊ လွတ်ငြိမ်းခွင့်ရရှိသူ ၁၁၀ ဦးအပြင် ကျန်ရှိသည့် အကျဉ်းသားအားလုံးကိုလည်း ပြစ်ဒဏ်၏ ၃ ပုံ ၁ ပုံကို လျှော့ပေါ့ပေးလိုက်ရာ နှစ်ကြီးသမားများအတွက် ပြစ်ဒဏ်လျှော့ရက် ခံစားခွင့်ရရှိမည့် သဘောဖြစ်ကြောင်း၊ လွတ်မြောက်လာသူများ၏ လုံခြုံရေးနှင့် မိသားစုထံ ပြန်လည်ရောက်ရှိရေးအတွက် သက်ဆိုင်ရာနယ်မြေများအလိုက် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

“အဓိကတော့ လူသားချင်းစာနာထောက်ထားမှုကြောင့် လုပ်တာပါ။ လူသတ်မှုနဲ့ မုဒိမ်းမှု မဟုတ်တဲ့ အမှုတွေထဲက ရောဂါဝေဒနာခံစားနေရတဲ့သူတွေ အသက် ၇၀ ကျော်တဲ့ အသက်ကြီးပိုင်းတွေကို အဓိကထား လွတ်တာပါ။ အမှုအသေးလေးတွေထဲမှာမှ နေစားခြောက်လ ရှိပြီးသားသူတွေပါဝင်ပါတယ်။ NUG ရဲ့နယ်မြေစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေကနေ လွတ်ပေးတာပါ။ ဘယ်ဒေသက ဘယ်လောက်လွှတ်ပေးတာတော့ ပြောလို့မရလို့ပါ။ ဒီနေ့မနက် အမိန့်ထုတ်ပြန်ချက်ပေးပိုးထားပြီးတာနဲ့ သက်ဆိုင်ရာ အကျဉ်းထောင်တွေကနေ ဘယ်သူတွေက အကျုံးဝင်မလဲဆိုတာ စီစစ်ပြီးတော့ လွတ်ငြိမ်းခွင့်ကို ဒီနေ့ပဲလွှတ်ပေးတာတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်ငြိမ်းသက်သာ ၂ မျိုးနဲ့ လွတ်ပေးတာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာကတော့ တစ်ခါတည်းလွှတ်ပေးတယ်။ လွတ်ငြိမ်းသက်သာအနေနဲ့က နှစ်ကြီးသမားတွေကြတော့ ပြစ်မှုထဲက သုံးပုံတစ်ပုံကို လျှော့ချပေးတဲ့အနေနဲ့ လျှော့ရက်အနေနဲ့ပေးတဲ့ သဘောပါမျိုးပါ။ အဲဒါတွေကတော့ တွက်ချက်ပြီးတော့ ကျန်တဲ့ အကျဉ်းသားတွေ အကုန်ခံစားခွင်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်မြေတွေကနေ လွှတ်ပေး လိုက်တဲ့ အကျဉ်းသားတွေရဲ့ လုံခြုံရေးနဲ့ သူတိုမိသားစုတွေနဲ့ ပြန်ဆုံခွင်ရဖို့နဲ့ တော့လုပ်ပေးမှာဖြစ်ပြီး အသေးစိတ်တွေစီစဉ်ပေးတာတွေတော့မရှိဘူး။ လွတ်ငြိမ်းချမ်းသာနဲ့ ဒုတိယအကြိမ်အနေနဲ့ လွှတ်ပေးတာမျိုးကို ဆောင်ရွက်တာမျိုးဖြစ်ပါတယ် ” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ထုတ်ပြန်ပြောဆိုချက်အရ ယနေ့ကျရောက်သော နှစ်သစ်အခါသမယတွင် နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုရန် ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ယခုကဲ့သို့ လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article