စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင်ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီခွဲအချိန် ဒီပဲယင်းမြို့နယ်၊ အရှေ့တောင်ခြမ်း၊ မူးကမ်းကြီးကျေးရွာ ရှိ အခြေခံပညာအထက်တန်း စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ စာသင်ကျောင်းမှာ စစ်ဘေးရှောင်ပြည်သူများ စုဝေးနေထိုင်သော ကျောင်းဖြစ်ကြောင်း သိရှိရသည်။
“ဗုံးကျဲချတာက စာသင် ကျောင်း အရှေ့တောင်ထောင့်ကိုကျတာ။ သေဆုံးသူတော့ မရှိသေးဘူး။ ဒဏ်ရာရသူ ၇ ဦးကျော်ပဲရှိတယ်။ ဒဏ်ရာရသူတွေအားလုံးကို ကယ်ဆယ် ရေးသမားတွေက ဆေးကုသဖို့ ခေါ်သွားကြပြီ။စာသင်ကျောင်းအဆောက်အအုံ အနည်းငယ်ထိခိုက်ပျက်စီးမှုကလွဲပြီး လတ်တလောတော့ သေဆုံးသူမရှိသေးဘူး။ ဒဏ်ရာပြင်းထန်သူတွေတော့ပါတယ်” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









