32 C
Yangon

BGF တပ်များက KNA ဘက်တံဆိပ်ပြောင်းလဲသည့်ကိစ္စ စစ်တပ်က သဘောမတူသဖြင့် BGFနှင့် ပူးတွဲထားသော စစ်တပ်တချို့ ချက်ချင်းပြန်ရုပ်သိမ်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့် BGF တပ်များကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး KNA ခေါ် ကရင်အမျိုးသားတပ်မတော် ဘက်တံဆိပ် ပြောင်းလဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်တပ်က သဘောမတူသ ဖြင့် BGF တပ်များနှင့် ပူးတွဲထားသော စစ်တပ်တချို့ကို ချက်ချင်းပြန်လည် ရုပ်သိမ်းနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်နှင့် တပ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

BGF တပ်များ၏ ဘက်တံဆိပ်များကို KNA တံဆိပ်သို့ စတင်ပြောင်းလဲမှုကို စစ်တပ်ထံသို့ ကြိုတင် အကြောင်း ကြားခဲ့ခြင်းမရှိဘဲ ဘက်တံဆိပ် ပြောင်းလဲသွားချိန်တွင်လည်း စစ်တပ်က ခေါ်ယူ မေးမြန်းညှိနှိုင်းမှုများ လုပ် ဆောင် ခဲ့ကြောင်း၊ သို့ရာတွင် KNA ဘက်တံဆိပ်ပြောင်းလဲမှု ကိစ္စနှင့် ပတ်သက်၍ BGF တပ်တချို့က အသိပေးရုံသာ အသိပေးပြီး ညှိနှိုင်းမခံခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ်က KNA ဘက်တံဆိပ် ပြောင်းလဲမှုကို သဘောမတူသဖြင့် BGF နှင့်တွဲဖက်ထားသော စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့တချို့ကို ပြန်လည် ရုပ်သိမ်း နေကြောင်း သိရှိရသည်။

“လှိုင်းဘွဲမြို့နယ် BGF တပ်ရင်း ၁၀၁၆ နဲ့ တပ်ရင်းတွေမှာ တွဲဖက်ထားတဲ့ စစ်တပ်တွေအကုန် မနေ့ညက အထုပ်ထုပ်ခိုင်းတယ်။ အခုပဲ အကုန်ကားတွေနဲ့ ပြန်ခေါ်နေပြီ။ ဘက်တံဆိပ်ပြောင်းတာ မကျေလည်တာလို့သိရတယ်။ BGF တွေဘက်ကလည်း ကြည်ကြည်ဖြူဖြူပဲ စစ်သားတွေကို ပြန်ထွက်ခွင့်ပေးနေတယ်။ ရွှေက္ကိုလ်နဲ့ KK Parks ဘက်မှာ တွဲထားတဲ့ စစ်တပ်တွေလည်း မြ၀တီမြို့ပေါ်ကို ပြန်ခေါ်နေပြီလို့ သိရတယ်။ စစ်တပ်တွေ ထွက်သွားပြီလား၊ မထွက်သေးဘူးလားတော့ မသိသေးဘူး။ သိရသလောက်ကတော့ BGF နဲ့ တွဲထားတဲ့ စစ်တပ်တွေကို ပြန်ခေါ်နေတာ။ သူတို့ချင်း မကျေလည်သေးတော့ ခဏ တပ်တွေ ပြန်ခေါ်တဲ့သဘောလို့ ထင်ပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လှိုင်းဘွဲမြို့နယ် BGF တပ်ရင်း ၁၀၁၆မှ တွဲဖက်ထားသော စစ်သား ၂၀ ကျော်ဝန်းကျင်ကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က စစ်ကားများဖြင့် လာရောက်ခေါ်ယူသွားပြီး အခြားသော BGF တပ်ရင်းများတွင် တွဲဖက်ထားသော စစ်သားများကိုလည်း စစ်ကားများဖြင့် လိုက်လံခေါ်ယူနေကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁ ရက်နေ့ညပိုင်းမှာ တပ်ဘက်ကနေ BGF တပ်ရင်းတွေနဲ့တွဲဖက်ထားတဲ့ စစ်သားမိသားစုတွေကို သတိနဲ့ နေကြဖို့ အကြောင်းကြားတယ်။ ဒီနေ့မနက် ၁၀ နာရီမှာ အားလုံး တပ်ပြောင်းရမယ်ဆိုပြီး အထုပ်ပြင်ကြဖို့ အကြောင်းကြားပါတယ်။ အခု မွန်းလွဲပိုင်းမှာ တပ်မတော်က စစ်ကားတွေ လာကြိုပါတယ်။ စုစုပေါင်း စစ်သား ၂၀ ကျော်နဲ့ မိသားစုဝင်တွေအားလုံး ပြောင်းနေကြပြီ” ဟု ယင်းတပ်ပြောင်းမှုကို သေချာစွာ သိရှိထားသော စစ်ဘက်သတင်းရင်းမြစ်က အခြေအနေကို ရှင်းပြသည်။

BGF တပ်နယ် ၂ နှင့် BGF တပ်နယ် ၃ တွင် ပူးတွဲထားသော စစ်သားများအားလုံးကို စစ်တပ်က ပြန်လည် ခေါ်ယူနေခြင်းဖြစ် ကြောင်း နောက်ဆက်တွဲ သတင်းများအရ သိရှိရသည်။

လတ်တလော BGF တပ်များ KNA ဘက်တံဆိပ်ပြောင်းလဲသည့်ကိစ္စနှင့်ပတ်သက်ပြီး ဘက်တံဆိပ်မပြောင်းဘဲ စစ်တပ်လက် အောက်တွင် စစ်ယူနီဖောင်းပြောင်းလဲဝတ်ဆင်မည့် BGF တပ်တချို့လည်းရှိနေပြီး တပ်နယ် ၁ နှင့် တပ်နယ် ၄ မှာ ဘက်တံဆိပ် မပြောင်းလဲသေးကြောင်း၊ အဆိုပါ ဘက်တံဆိပ်မပြောင်းသည့် BGF တပ်များက စစ်တပ်နှင့်တိုက်ရိုက်ချိတ်ဆက်နေကြကြောင်း၊ KNA ဘက်တံဆိပ်ပြောင်းလဲသွားသော BGF တပ်များအနေဖြင့်လည်း မည်သို့ သော သဘောထားဖြင့် ရပ်တည်မည်ကို သေချာစွာ မသိရှိရသေးဖြင့် မှတ်ချက်ပေးရန် စောလွန်းနေကြောင်း ကရင်စစ်ရေးမြစ်က သုံးသပ်ပြောဆိုသည်။

“အခုက ဘက်တံဆိပ်ပြောင်းတာ မပြောင်းတာအပေါ် ပဲ ပြောနေကြတာ။ သူတို့ ရပ်တည်ချက်ပြောင်းမလား၊ မပြောင်းလား ကျနော်တို့လည်း မသိဘူး။ ရပ်တည်ချက် မပြောင်းဘဲ ဘက်တံဆိပ်ပဲ ပြောင်းတာဆိုရင် ဘာမှ ဖြစ် လာ စရာမရှိဘူး။ ကရင်မြေကို ကရင် မပိုင်နိုင်ဘူး။ စစ်တပ်လက်ဝေခံပဲ ဖြစ်မှာ။ KNA ဘက်တံဆိပ်ပြောင်းတာကို စစ်တပ်က ကြည်ကြည်ဖြူဖြူ လက်ခံပေးလိုက်ရင်လည်း ပြဿနာက ပြေလည်သွားစရာရှိတယ်။ မင်းတို့ ဘက်တံဆိပ်ပြောင်းတာ လက်ခံတယ်၊ ရပ်တည်ချက်မပြောင်းနဲ့ဆိုရင်လည်း ဘာမှ သိပ်မထူးဘူး။ အဲဒီတော့ ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ စောသေးတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

လက်ရှိ စစ်တပ်က တရုတ်နှင့်ပူးပေါင်း၍ ကျားဖြန့် နှိမ်နင်းရေးဟုဆိုကာ ကရင်ပြည်နယ်အတွင်း စစ်ရေးအရ တိုးချဲ့နေရာယူမှုများ ရှိနေကြောင်း၊ တရုတ်က အလိုရှိနေသော ကျားဖြန့် တရားခံများကို မြန်မာစစ်တပ်အား ဖမ်းခိုင်းခြင်းများ ရှိလာနိုင်ကြောင်း၊ ဥပမာအားဖြင့်- ရွှေကုက္ကိုလ်မြို့သစ် ထူထောင်သူ She Zhijiang နှင့်ဆက်စပ်၍ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူမှာ တရုတ်က အလိုရှိနေသော ကျားဖြန့် ဆက်စပ် တရားခံဖြစ်လာနိုင်ကြောင်း၊ တရုတ်အလိုရှိပါက မြန်မာစစ်တပ်က ယခင် ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်များနှင့်မိသားစုများကို လွှဲအပ်ခဲ့သည့် ဥပမာများရှိနေရာ BGF ခေါင်းဆောင်များ၏ လုံခြုံရေး အခြေ အနေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေရှိနေ ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။

BGF တပ်ဖွဲ့များကို ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း တပ်နယ် ၄ ခု ၊ တပ်ရင်း ၁၃ ရင်းဖြင့် စစ်တပ်က ဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article