ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦးနှင့်မိခင်ဖြစ်သူ သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟောတာ(Halta)ရွာနှင့် ဟိုင်ဖိုင် (HaiPhai) ကျေးရွာတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲမှုကြောင့် ဟောတာ(Halta)ရွာရှိ နေအိမ်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦးနှင့် မိခင်ဖြစ်သူ စုစုပေါင်း ၃ ဦးသေဆုံးသွားခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သိရှိရသည်။
“တိုက်ပွဲ ဖြစ်တာမရှိဘူး။ လေယာဉ်နဲ့ ဗုံးကျဲချတဲ့အခါမှာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၄ ဦး ထိတယ်။ အဲဒီမှာ ကလေးငယ် ၂ ဦးနဲ့ မိခင်က ပွဲချင်းပြီး ဆုံးပါတယ်။ ဖခင်ဖြစ်သူကတော့ ဒဏ်ရာ အပြင်းအထန်ရရှိထားပါတယ်။ မနေ့ည သန်းခေါင်ယံအချိန် ဗုံးကျဲချသွားတာပါ” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဟိုင်ဖိုင်(HaiPhai)ကျေးရွာတွင်လည်း ထိခိုက်ပျက်စီးမှုများရှိပြီး အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်တပ်က ဟားခါးမြို့နယ် အပါအဝင် ချင်းပြည်နယ် မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




