ရန်ကုန်၊ ဇန်နဝါရီ ၅
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဗိုလ်မှူး ၁ ဦး လိုက်ပါလာသော ကား ၁ စီးကို တိုက်ခိုက်ရာ စစ်သားများထိခိုက် မှုရှိနိုင်ကြောင်း ပြည်ခရိုင် တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်လည်စစ် ဆေးရေးဂိတ်သို့ ပေါက်ခေါင်းမြို့မှ ထွက်ခွာလာသော ဗိုလ်မှူး အပါအဝင် စစ်သားအင်အား ၆ ဦးခန့် လိုက်ပါလာသော Probox ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပုလရွာနှင့် ဖိုးကျော့ကွင်းကျေးရွာ အကြား တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီး အဆိုပါ ကားသည် ဆက်လက် မောင်းနှင်သွားသောကြောင့် ပျားထိုးကျွန်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထို တိုက် ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ ကျနော်တို့ အတည်မပြုနိုင်ပါဘူး။ ထိခိုက်မှုတော့ရှိနိုင်ပါတယ်။ ပြည်သူတွေကို အဓိက ပြောချင်တာကတော့ လူစုလူဝေးတွေကို ရှောင်ဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေရှိတဲ့နေရာတွေကို မသွားဖို့ အဲတာပဲ အဓိကပြောချင်ပါတယ်” ဟု ပြည်ခရိုင် တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပေါက်ခေါင်းမြို့နယ်သည် ယခုလ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၂ ၌ ပါဝင်သော မြို့နယ်ဖြစ်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃ဝ မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းတွင် ပါဝင်နေကြောင်း အကြမ်းဖက်စစ်ကော်မရှင်က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ထားကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်စပ် သည့်နေရာများသို့ သွားရောက်ခြင်းမပြုကြရန် သတိပေးလိုကြောင်း ရဲဘော် Red Star က ဆက် လက် ပြောဆိုသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက် ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေတွင် ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော ခမရ ၁၀၆ တပ်ရင်းမှ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ ခွဲ ၁ ၊ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးကာ တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




