ရန်ကုန်၊ ဇန်နဝါရီ ၇
ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ပြည်သူပိုင် လယ်မြေဧက ၆၀၀၀ ကျော်ကို စစ်ကောင်စီဝင် မန်းငြိမ်းမောင် ပါဝင်ပတ်သက်မှုဖြင့် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ မတရားသိမ်းယူပြီး မြေကွက်ရိုက်ရောင်းစားကာ သိန်းသောင်းချီ အဂတိလိုက်စားမှုများဖြစ်ပွားနေကြောင်း မြေသိမ်းခံတောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ယခင်NLDအစိုးရလက်ထက် လယ်သမားများထံသို့ စစ်တပ်က သိမ်းယူခဲ့သော လယ်မြေဧက ၆၀၀၀ ကျောက်ို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ အဆိုပါ လယ်မြေဧက ၆၀၀၀ ကျော်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပန်းတနော်တပ်နယ်မှ ဗိုလ်မှူးဇေယျမြင့်နှင့် ပန်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက လက်နက်အားကိုးဖြင့် လယ်မြေဧက ၆၀၀၀ ကျော်ကို ပြန်လည် မတရားသိမ်းယူကာ အကွက်ရိုက်ရောင်းစားလျက်ရှိကြောင်း သိရှိရသည်။
ပြည်သူများမှာ လယ်မြေဧက ၆၀၀၀ ကျော်ကို ယခင် စစ်အာဏာရှင်သန်းရွှေ လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် မြို့အဝင်လမ်းချဲ့ထွင်ရန် အကြောင်းပြ၍ လမ်းဘေးတစ်ဖက်စီတွင် ပေ ၄၀၀ စီ၊ စုစုပေါင်း ဧကထောင်ချီ သိမ်းဆည်းခံခဲ့ရကြောင်း၊ NLD အစိုးရက သိမ်းဆည်းခံယင်းလယ်ယာမြေများကို ပြည်သူများထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ယခု စစ်အာဏာသိမ်းပြီးနောက် တစ်ဖန် ထပ်မံ၍ စစ်တပ်က ပြန်လည် သိမ်းယူလာကြောင်း သိရှိရသည်။
“ပြည်သူအစိုးရလက်ထက်က လွှတ်တော်အထိတင်သွင်းဆွေးနွေးပြီး အဖွဲ့တစ်ဖွဲ့ မြေပြင်ဆင်းစစ်တယ်။မှန်ကန်လို့ လယ်သမားများကို ပြန်ပေးပါတယ်။ ပန်းတနော်မှာအခမ်းအနားနဲ့ တိုင်းမင်းကြီး ဦးအောင်နိုင်ဦး ကိုယ်တိုင်ပြန်ပေးပါတယ်”ဟု တောင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်မှ ဗိုလ်မှူးဇေယျမြင့် က သေနတ်ဖောက် ခြိမ်းခြောက်၍ လယ် သမားများထံမှ မြေဧက ၆၀၀၀ ကျော်ကို ပြန်လည်သိမ်းယူခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ဝင်း တို့က မြို့ကွက်သစ်ဖော်ထုတ်ရေး ကော်မတီဖွဲ့စည်းကာ အဆိုပါမြေများကို စီးပွား ရေးသမားများထံ ရောင်းစားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းကို စစ်ကောင်စီဝင် မန်းငြိမ်းမောင် က အဓိက ပံ့ပိုးထောက်ခံအားပေးထားပြီး မြို့ခံ သစ်ကုန်သည်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ စီးပွားရေးသမား ဝီစန်း က အဂတိလိုက်စားမှုများတွင် ကြားခံပွဲစားအဖြစ် ဆောင် ရွက်ခဲ့ခြင်း ဖြစ် ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
သိမ်းဆည်းထားသော လယ်မြေများပေါ်တွင် အကောင်အထည်ဖော်နေသည့် မြို့ပြစီမံကိန်းမှ အကွက်ရိုက် ရောင်း၍ ရရှိသော ငွေကြေးများကို မြို့နယ်မြေစာရင်းဦးစီးမှူး ဝင်းထွဋ်လွင် အများဆုံးဝေစုအဖြစ် ငွေကျပ်သိန်းပေါင်း ၅၀,၀၀၀ ခန့် ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနိုင်ဝင်း က စီမံခန့်ခွဲမှုပိုင်းနှင့် ရောင်းစားမှုများတွင် ပါဝင်မှုအတွက် ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ ကျော် ၊ မြို့ကွက်သစ်အုပ်ချုပ်ရေးမှူး ခင်မောင်ကြည်က မြေနေရာချထားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် နေရာယူကာ ငွေကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်၊စီမံကိန်းကို အဓိကထောက်ခံပံ့ပိုးသူ စစ်ကောင်စီဝင် မန်းငြိမ်းမောင်က ငွေကျပ်သိန်း ၆,၀၀၀ ၊ တိုင်းဝန်ကြီးချုပ်က ငွေကျပ်သိန်း ၁,၀၀၀ စီ ရရှိထားကြောင်း သိရှိရသည်။
ထို့ပြင် ဝီစန်း က ကိုယ်တိုင်စီစဉ်ဆောင်ရွက်ခအဖြစ် ငွေကျပ်သိန်း ၅,၀၀၀ ကျော် ယူထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး မြင့်နိုင် က ငွေကျပ်သိန်း ၂,၀၀၀ ၊ မြို့နယ်စည်ပင် တာဝန်ရှိသူများက ငွေကျပ်သိန်း ၅,၀၀၀ ခန့်၊ မြို့နယ်လယ်စီဥက္ကဋ္ဌ က အနည်းဆုံး သိန်း ၁,၀၀၀ နှင့် အခြားသော တိုင်းမြေစာရင်းအဖွဲ့၊ တိုင်းအစိုးရအဖွဲ့များသို့လည်း သိန်း ၁,၀၀၀ ဝန်းကျင် အဂတိငွေများ ရယူထားကြကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောဆိုသည်။
လယ်ယာမြေများ မတရားသိမ်းဆည်းခံရမှုကို လယ်သမားများက တိုင်ကြားသည့်အခါ အုပ်ချုပ်ရေးအဖွဲ့များက ထိုတိုင်စာများကို ပြ၍ မြေဝယ်ထားသူများထံမှ သိန်း ၂၀၀ စီ ငွေထပ်မံတောင်းခံခြင်း၊ လယ်သမားများကို တရား စွဲဆိုခြင်းများ ပြုလုပ်ခဲ့ပြီး အချို့လယ်သမားများ ထောင်ကျခြင်း၊ ဒဏ်ငွေဆောင်ရခြင်းနှင့် အချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းများ ရှိနေကြောင်း သိရှိရသည်။
“လယ်သမားတွေက တိုင်တော့ တိုင်စာပြပြီး မြေဝယ်ထားသူတွေကို ငွေထပ်တောင်းတယ်။ လယ်သမားတွေကို တရားစွဲတယ်။အချို့လည်း ထောင်ကျတယ်။ အချို့လည်း ဒဏ်ငွေကျတယ်။ အချို့လယ်သမားတွေ ရှောင်နေရတယ်”ဟု မြေသိမ်းခံတောင်သူတစ်ဦးက လယ်သမားများ ကြုံတွေ့ရသည့် အခက်အခဲကို ပြောပြသည်။
လက်ရှိတွင် သိမ်းယူထားသော မြေများကို ပေ ၂၀ x ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀၀ ကျော် ပေါက်ဈေးဖြင့် ရောင်းချနေကြောင်း၊ အဆိုပါလယ်မြေများပေါ်တွင် တရားမဝင် ငါးကန်များ၊ အဆောက်အအုံများ ဆောက်လုပ်ထားပြီး မူလပိုင်ရှင် လယ်သမားများမှာမူ တရားစွဲခံရခြင်း၊ ထောင်ကျခံနေရခြင်း ထွက်ပြေးတိမ်းရှောင်ခြင်းကဲ့သို့ မတရားမှုများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




