26 C
Yangon

သမ္မတ ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ၏ ကော်သူးလေ နိုင်ငံထူထောင်မှု ဝေဖန်မှုများ မြင့်တက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်လာသော ကော်သလေးတပ်မတော်မှ ဗိုလ်ချုပ်စောနယ်ဒါးဘိုမြက ကော်သူးလေ အစိုးရနှင့် ကော်သူးလေ နိုင်ငံထူထောင်လိုက်သည့်အပြင် သူကိုယ်တိုင်လည်း သမ္မတအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။

ဇန်နဝါရီ ၅ ရက်နေ့ ဗိုလ်ချုပ်စောနယ်ဒါးဘိုမြက ထိုသို့ ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကြေညာမှုကြောင့် ပြည် တွင်းတွင် အကြီးအကျယ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ရန်ကုန်အခြေစိုက် ကရင်တိုင်းရင်းသား လူငယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ၏ ကော်သူးလေနိုင်ငံထူထောင်မှုနှင့် သမ္မတအဖြစ် ကြေညာမှုအပေါ် နားမလည်နိုင်အောင် ဖြစ်ရကြောင်း၊ ယင်းသို့ ကြေညာမှုကြောင့် ကရင်တိုင်းရင်းသား အဖွဲ့အစည်းများအကြား သူတစ်လူ ငါတစ်မင်း ဆိုသည်ကို ပိုမို ပေါ်လွင်စေသည်ဟု သုံးသပ်ပြောဆိုသည်။

“သူဘာကြောင့် အဲဒီလိုကြီး ကြေညာလဲဆိုတာ နားမလည်နိုင်ဘူး။ နိုင်ငံတော်တစ်ခု ကြေညာတယ်ဆိုတာ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည်သူလူထုကို ကောင်းကောင်းမွန်မွန် ကာကွယ်စောင့်ရှောက်နိုင်တဲ့ တပ်အင်အား ရှိပြီလား။ လုပ်ရာလုပ်သလို ကြေညာတာကြီးက ကျနော်တို့ ကရင်အဖွဲ့အစည်းတွေအကြားမှာ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်ရာ ဖြစ်နေသလိုကြီး ခံစားရတယ်။ တကယ်ဆိုရင် မိခင် KNU အောက်မှာ ကရင်အဖွဲ့အစည်းတွေအားလုံးက ညီညီညွတ်ညွတ် ရှိသင့်တယ်လို့ပဲ မြင်ပါတယ်”ဟု အဆိုပါ ကရင်တိုင်းရင်းသား လူငယ်က သုံးသပ်ပြောဆိုသည်။

ယင်းအပြင် သမ္မတ ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ၏ ကော်သူးလေ နိုင်ငံထူထောင်မှုကို ကရင်တိုင်းရင်းသားများသာမက ပြည်သူများအကြားတွင်လည်း စိတ်ရှုပ်ထွေးစရာ အခြေအနေတစ်ခုအဖြစ် အနုတ်လက္ခဏာ ဝေဖန်မှုများစွာ လည်း ထွက်ပေါ်လျက်ရှိသည်။

တစ်ချိန်က KNDO တွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ် စောနယ်ဒါးဘိုမြမှာ KNU မှ ထုတ်ပယ်ခံရပြီးနောက် ကော်သူးလေတပ်မတော် KTLA ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အရပ်သား ၂၅ ဦးကို သတ်ဖြတ်မှုဖြင့် ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ ကို KNDO စစ်ဦးစီးချုပ်အဖြစ်မှ KNU က ထုတ်ပယ်ခဲ့ပြီးနောက် ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက KTLA ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် စောနယ်ဒါးဘိုမြ သည် ကော်သူးလေတပ်မတော် KTLA ကို ဖွဲ့စည်းတည်ထောင်ပြီးနောက် ၂၀၂၃ ခုနှစ်

နိုဝင်ဘာလ ဒုတိယအပတ်တွင် ကော်သူးလေအစိုးရ GOK ကို ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် GOK အစိုးရအဖွဲ့က ကော်သူးလေ သမ္မတနိုင်ငံတော် (Republic of Kawthoolei) ကို ထူထောင်လိုက်ပြီဟု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်အသိပေးသည်။

ကော်သူးလေ သမ္မတနိုင်ငံတော် ထူထောင်ရခြင်းသည် လက်ရှိ မြန်မာနိုင်ငံမှာ ပြိုကွဲပျက်စီးနေပြီဖြစ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်သောကြောင့် အမှီအခိုကင်းပြီး လွတ်လပ်သော နိုင်ငံတော်သစ်တခု တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

ကော်သူးလေ သမ္မတနိုင်ငံတော် အစိုးရအဖွဲ့ဝင် သမ္မတ တာဝန်ကို ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက ယူပြီး ဒုတိယသမ္မတ (၁) နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘောတို့က အသီးသီး တာဝန်ယူထားကြကြောင်း၊ ဝန်ကြီးချုပ် တာဝန်ကို စောဖိုးသူးလေနှင့် ကာကွယ်ရေးဝန်ကြီးနေရာကို စောဒေးဗစ်လောဒူး တို့က ယူထားပြီး ကော်သူးလေ သမ္မတနိုင်ငံတော်တွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဏာရေး၊ သစ်တော၊ လယ်ယာ၊ သတ္တု၊ ကျန်းမာရေး စသည့် ဝန်ကြီးဌာန ၁၆ ခုပါဝင်ကြောင်း သိရသည်။

KTLA ၏ စစ်ဦးစီးချုပ်လည်းဖြစ် ကော်သူးလေ သမ္မတနိုင်ငံတော်၏ သမ္မတလည်းဖြစ်သူ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြ သည် KNU ဥက္ကဌ ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သား ဖြစ်သည်။

ကရင်ပြည်နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်အရေးနှင့် ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ်သို့ အပြောင်းအလဲ လုပ်နေသည့်အချိန်လည်းဖြစ်ပြီး ကရင့်နိုင်ငံရေး၊ ကရင့်တော်လှန်ရေးမှာ ရှုပ်ထွေးလျက်နေချိန်လည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article