22 C
Yangon

ရွှေပြည်သာစက်မှုဇုန်ရှိ COSTEC (JOC) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာလျော့နည်းမှုကြောင့် အလုပ်သမား ၁၀၀၀ ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် ၈ ရက်ဆက်တိုက် တောင်းဆိုနေသော်လည်း ဖြေရှင်းပေးသူမရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၃) ရှိ COSTEC International Co.,Ltd (ယခု JOC) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာလျော့နည်းသွားမှုအပေါ် အလုပ်သမား ၁၀၀၀ ‌ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် ၈ ရက်မြောက်နေ့အဖြစ် တောင်းဆို‌နေသော်လည်း သက်ဆိုင်ရာဌာနများ၏ တာဝန်ပျက်ကွက်မှုကြောင့် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ အလုပ်သမားများက လုပ်ခလစာနှင့်ရပိုင်ခွင့်များရရှိရေး ဆန္ဒပြနေခြင်းဖြစ်ပြီး လက်ရှိအချိန် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိ၍ အလုပ်သမားများသာ နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ – STUM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါစက်ရုံမှ လုပ်သား ၁၀၀၀ ကျော်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ လုပ်ခလစာနှင့် ရပိုင်ခွင့်များအတွက် တောင်းဆိုခဲ့ကြသည့်အပြင် အင်းစိန်မြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလရ) သို့လည်း အကြိမ်ကြိမ် တိုင်ကြားထားသော်လည်း ထိရောက်သော ဖြေရှင်းပေးမှု မရှိကြောင်း သိရှိရသည်။

“သက်ဆိုင်ရာ ဦးစီးဌာနတွေ အလုပ်မလုပ်လို့ အခုပြဿနာ တက်လာရတာဖြစ်ပါတယ်။ ဦးစီးတွေက အလုပ်ရှင်ဘက်ကိုပဲ လိုက်ပါတယ်။ အလုပ်သမားတွေဘက်က ဖြေရှင်းပေးခြင်း မရှိပါဘူး။ ဒီဇင်ဘာ ၂၉ ရက်နေ့ကတည်း က တိုင်ပါတယ်။ စည်းကြပ်ရမဲ့ဥပဒေကို တာဝန်မကျေတော့ စက်ရုံမှာ အလုပ်သမားတွေအတွက် နစ်နာမှုတွေ ဖြစ်လာရတယ်”ဟု STUM အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အလုပ်သမားများအနေဖြင့် အခြားစက်ရုံများတွင် နေ့စဉ် လုပ်ခလစာ ဒေးကြေး ၁၂,၀၀၀ ကျပ် ရရှိနေချိန်တွင် ၎င်းတို့စက်ရုံ၌ ၇,၈၀၀ ကျပ်ဖြင့်သာ လုပ်ကိုင်နေရကြောင်း၊ ထိုသို့လုပ်ကိုင်နေသည့်ကြားမှ လုပ်ခလစာများ အပြည့်အဝမရရှိသည့်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း STUM အဖွဲ့ထံမှ သိရှိရသည်။

အလုပ်သမားများက ဒေးကြေး ၁၂,၀၀၀ ကျပ် (၉၀၀၀ + ၃၀၀၀)၊ OT ကြေး ၂,၅၀၀ ကျပ် နှင့် ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်၊ Grade ကြေးများ (A: ၂ သိန်း၊ B: ၁ သိန်း ၇ သောင်း၊ C: ၁ သိန်း ၅ သောင်း)၊ အထည်ကြေး တစ်ပတ်တစ်ကြိမ်ရှင်းပေးရန်နှင့် ယူနီဖောင်းပေးရန်တို့ကို အဓိက တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အလုပ်သမားများသည် ဒေးကြေး ၁၂,၀၀၀ ကျပ် ရရှိရေးအပါအဝင် အချက် ၉ ချက်ကို တောင်းဆိုနေကြသော်လည်း အလုပ်ရှင်က ညှိနှိုင်းမှုကို ငြင်းဆန်ကာ ဒေးကြေး ၂၀၀ ကျပ်သာ တိုးပေးမည်ဟု ပြောဆိုနေကြောင်း၊ ယင်းအပြင် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ကာ “No Work No Pay” စနစ်ဖြင့် အလုပ်သမားများကို ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

“အလုပ်သမား‌တွေက လုပ်ခလစာကွာဟမှုကို ဖြေရှင်းပေးဖို့အတွက် တိုင်ထားပါတယ်။ ဖြေရှင်းပေးတာမဟုတ်ဘဲ အလုပ်သမားတွေကိုခေါ်ပြီး ဖိအားပေးတာပါ။ အင်းစိန်အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက” ဟု STUM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အလုပ်သမားများ ကြုံတွေ့နေသည့်အခက်အခဲနှင့် ပတ်သက်၍ ရှင်းပြသည်။

ထို့ပြင် စက်ရုံအတွင်းရှိ ပစ္စည်းများကို အပြင်သို့ သယ်ထုတ်နေသည့်အတွက် အလုပ်သမားများမှာ အလုပ်အကိုင် ဆုံးရှုံးမည်ကို စိုးရိမ်နေကြရပြီး ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အလုပ်ရှင်ဘက်မှ ရပ်တည်ကာ အလုပ်သမားများကိုသာ ဖိအားပေးနေခြင်းကြောင့် အခြေအနေမှာ ပိုမိုတင်းမာလျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article