ရန်ကုန်၊ ဇန်နဝါရီ ၈
ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် မဲဆွယ်စည်းရုံးမှုအတွင်း “အရေးတော်ပုံ” ၊ “တော် လှန်ရေး” ဟု သုံးနှုန်းသဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်အချခံရကြောင်း စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ်များတွင် သတင်းထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ကြာသပတေးနေ့ ၊ နံနက် ၁၁ နာရီအချိန် သင်္ဃန်းကျွန်းမြိုနယ်တရားရုံးက ရွေး ကောက်ပွဲဥပဒေ ပုဒ်မ – ၅၈ ( ဂ )ဖြင့် ဦးလွင်မြင့်ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ယှဉ်ပြိုင်ခဲ့သော ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော နွေဦးတော်လှန်ရေးအကြောင်း မဲဆွယ် စည်းရုံးမှုတွင် ထည့်ပြောခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က မဲဆွယ်စည်းရုံးသည့်နေရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” ၊ “တော် လှန်ရေး” ဆိုသည့် စကားလုံးများ သုံးနှုန်းခဲ့သဖြင့် ဥပဒေနှင့်မညီကြောင်း၊ ကိုယ်စားလှယ်လောင်း အရည် အချင်းနှင့် ကိုက်ညီမှုမရှိကြောင်း၊ စစ်တပ်ထောက်ခံသည့် တယ်လီဂရန်ချန်နယ်အချို့က ဖော်ပြခဲ့ပြီးနောက် စစ်တပ်လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်က ဦးလွင်မြင့်ကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးလွင်မြင့်က ၎င်း၏သားက ၂၀၂၁ ခုနှစ် အရေးတော်ပုံတွင် ပါဝင်ခဲ့ကြောင်း၊ မကြာသေးမီကမှ ထောင်မှ လွတ် မြောက်ခဲ့ကြောင်း၊ ယင်းအပြင် မဲဆွယ်စည်းရုံးရေးလက်ကမ်းကြော်ငြာစာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟု သုံးနှုန်းဖော်ပြခဲ့ကြောင်း၊ အလားတူ ထောင်တွင်းနိုင်ငံရေးအကျဥ်းသားများအတွက် ငွေကြေးနှင့်ထောင်ဝင်စာ တစ် တပ်တအား ပါဝင်ကူညီခဲ့ကြောင်း ပြောဆို၍ မဲဆွယ်စည်းရုံးသည့် ရုပ်သံကို လွှင့်ထုတ်ခဲ့သည်။
ဦးလွင်မြင့်မှာ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက် ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မဲဆွယ်ရာတွင် သူ၏ အဖေ၊ သူနှင့် သူ၏သား အပါအဝင် မျိုးဆက် ၃ ခုက တော်လှန်ရေးမျိုးဆက်များဖြစ်ကြောင်း၊ နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ကျနော် (ဦးလွင်မြင့်) ဆိုတာလည်း နိုင်ငံရေးမျိုးဆက် ၃ဆက်တိုင်တိုင် ကျနော်တို့ဟာ နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့တဲ့ ဦးလွင်မြင့်ဖြစ်တယ်။ အဲ့တော့ ကျနော့်အဖေ ဦးသန်း.. သူဆိုရင်လည်း ကိုကိုးကျွန်းပြန်ကြီးပေါ့။ မဆလရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်တော်လှန်ခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်။ ကျနော့်အဖေဟာလည်း ထောင် အကြိမ်ကြိမ် ကျခဲ့တယ်။ အခု ကျနော်ဆိုရင်လည်း ၈၈ နောက်ပိုင်း ကျောင်းသားခေါင်းဆောင်များနဲ့အတူ အင်းစိန်ထောင်၊ သရက်ထောင်တွေမှာ ကျခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက်ဖြစ်တယ်။ ကျနော့်သားကတော့ အခု ၂၀၂၁ ဒီအရေးတော်ပုံမှာ ထပ်မံပြီးတော့ ကျခဲ့တာ ပြီးခဲ့တဲ့ လပိုင်းကပဲ ပြန်လွတ်လာတာဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ဟာ ပြည်သူအတွက်ကို ထောင်ပဲကျကျ တန်းပဲကျကျဆိုတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ကျနော်တို့ဟာ ယုံယုံကြည်ကြည်ပဲ ပြည်သူတွေအတွက် အာမခံချက် ပေးနိုင်ပါတယ်”ဟု ဦးလွင်မြင့်က ပြောဆိုခဲ့သည်။
ဦးလွင်မြင့်ကို ထောင်ဒဏ်ချမှတ်ခဲ့သော ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဂ)မှာ ” မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်း ကမ်း ချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း” ဆိုသော ပုဒ်မဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




