ရန်ကုန်၊ ဇန်နဝါရီ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ပေါ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက် သိမ်း ပိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ဗိုလ်မှူး ကျော်သူထိုက် အပါအဝင် ၂၀ ဦးကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း PDF Zoland မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က တီးတိန်မြို့နယ်၊ ကနေဒီတောင်ကုန်းပေါ်၌ တပ်စွဲထားသော စစ်တပ် စခန်းကို ချင်းညီနောင် – CB ဦးဆောင်သောအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အပြီးအသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ဗိုလ်မှူး ကျော်သူထိုက်ပါအဝင် စစ်သုံ့ပန်း ၂၀ ဦးကျော်ကို လက်နက်ခဲယမ်း ၃၀ ကျော်နှင့်အတူ ဖမ်းမိခဲ့ ကြောင်း သိရသည်။
“ဇန်နဝါရီလ ၄ ရက်နေ့မှ အပြီးအပိုင် သိမ်းပိုက်လိုက်ပါပြီ။ စစ်သုံ့ပန်းက အယောက် ၂၀ ကျော်တယ်၊ ဗိုလ်မှူးအပါအဝင်ပေါ့။ ဗိုလ်မှူးရဲ့နာမည်က ကျော်သူထိုက်၊ လက်နက်ငယ်က အလက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တာရှိတယ်။ စခသေတာက ၁၀ ယောက်ကျော်တယ်။ စစ်ကြောင်းထိုးလာတာ မျိုး တော့ လောလောဆယ် မရှိဘူး။” PDF Zoland မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းညီနောင်က ဦးဆောင်ပြီး PDF Zoland နှင့် နဲ့ CDF-CDM Siyin တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကော်မရှင်လက်အောက်ခံ တပ်သားများ အနေဖြင့် အချိန်မီ လက်နက်ချအလင်းဝင်ကြရန် တိုက်တွန်းထားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ပေါ် တပ်စွဲထားသည့် စစ်တပ်စခန်းကို PDF Zoland က ပထမအကြိမ်အဖြစ် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အင်အား ၃၀ ခန့်ရှိ စစ်စခန်းကို ဝင်တိုက်စဉ် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ တစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။ ယင်းနောက် စစ်စခန်းကို စွန့်ခွာထွက်ပြေးသည့် စစ်သားများကို လိုက်လံရှင်းလင်းရာ ပြန်လည်ခုခံသူတစ်ဦး ထပ်မံ သေဆုံးခဲ့ကာ ဗိုလ်မှူးအဆင့်ရှိ အရာရှိအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ကနေဒီတောင်စစ်စခန်းကို ၂ နှစ်ကျော်ကြာ ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် တီးတိန်မြို့မှထွက်လာသည့် အင်အားရာနှင့်ချီပါဝင်သည့် စစ်တပ်က စစ် ကြောင်း ထိုးလာသဖြင့် ၂၀၂၅ နိုဝင်ဘာလဆန်းတွင် ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်များက လက်လွှတ်ခဲ့ရပြီးနောက် ယခု ၂၀၂၆ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar










