ရန်ကုန်၊ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ နေအိမ်များမီးလောင်ပြီး ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန်မှစတင်၍ အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝန်းသို မြို့နယ် နမ်းခမ်းတိုက်နယ် အရှေ့စက်ရပ်ကွက် နှင့် ဘူတာစုရပ်ကွက် များသို့ ဗုံးကျဲချခဲ့ကြောင်း၊ တိုက်လေယာဉ်များက ၅ ကြိမ် ဗုံးပတ်ကျဲသွားခဲ့သဖြင့် ဝန်းသိုမြို့နယ်၊ အရှေ့စက်ရပ်ကွက်မှ နေအိမ် ၁ လုံးမီးလောင်ကာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာမရှိပါဘူး။ တိုက်လေယာဉ်တွေနဲ့ ညပိုင်း ဗုံးပတ်ကျဲတာ။ အခုသိရသလောက်တော့ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးကတော့ နည်းနည်း ဒဏ်ရာပြင်းတယ။ နေအိမ်တွေ မီးလောင်တာရှိတယ်။ အဲဒါက ဝန်းသိုမြို့နယ် နမ်းခမ်းတိုက်နယ်မှာ ဒုတိယအကြိမ် လေယာဉ်နဲ့ ဗုံးကျဲခံရတာပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နေအိမ်နှင့်ဆိုင်များ ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ၀ိုင်ကျွန်းကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့်ပစ်ခတ်ခဲ့သောကြောင့် အသက် ၄၃ နှစ်အရွယ် မကေသွယ်ထွန်း သေဆုံးခဲ့ရပြီး အသက် ၆၂ နှစ်အရွယ် ဦးအေးကျော် ထိခိုက်ဒဏ်ရာရရှိကာနေအိမ် ၂ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ အလယ်စုကျေး ရွာသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်ခဲ့သောကြာင့် အသက် ၅၀ နှစ်အရွယ် ဒေါ်သိန်းသီ ၅၀ နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။
ထို့အတူ ယင်းနေ့ နံနက် ၁ဝ နာရီ ၃၂ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ ရွှေဝါတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့ရာ ဇရပ်ခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် ဦးအောင်ကိုလှ ထိမှန် သေဆုံး ခဲ့ရကြောင်း၊ နေအိမ် ၂ လုံး ဆိုင်ကယ် ၁ စီးနှင့်ဈေးဆိုင် ၁ ဆိုင်လည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar












