မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့တွင် ပခုက္ကူတပ်မ ၁၀၁ မှ ကား ၆ စီးဖြင့် ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ် ကန်တော်ရွာမှ တဆင့် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကံရပ်ကြီးရွာကို ၀င်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ် ၂၀၀ ကျော် မီးလောင် ပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိချိန်တွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“အဲစစ်ခွေး စစ်ကြောင်းက ပခုက္ကူ တပ်မ ၁၀၁ ကနေ ကား ၆ စီးနဲ့ ထွက်ခွာလာတာပါ။ အင်အားက ၃၀၀ လောက်ရှိတယ်။ စစ်ခွေးတွေက ကန်တော်ရွာကနေ ကံရပ်ကြီးရွာကို ၀င်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတာ စစ်ခွေးမီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ ကျော်ပြာကျသွားတယ်” ဟု ဒေသပြည်သူများတစ်ဦးက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း၊ ထို စစ်ကြောင်းသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးနိုင်ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက အသိပေးပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




















