23 C
Yangon

ရွှေဘို၊ ဝန်းသိုနှင့် ဝက်လက် မြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော နေရာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပကဖ နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ရွှေဘိုမြို့နယ်၊ ရွာဆိုးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော တောတဲများကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင် ပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူတွေထဲမှာ အမျိူးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ဒဏ်ရာရှိသွားတဲ့ သူတွေက ခန့်မှန်းခြေ ၁၀ ဦး အထက်မှာရှိမယ်။ သေဆုံး၊ ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေက ဘယ်ကျေးရွာတွေကလည်းဆိုတော့ လောလောဆယ် စုံစမ်းဆဲမို့ လောလောဆယ် အတည်မပြုနိုင်သေးဘူး။ လူတွေက ခြေဦးတည့်ရာထွက်ပြေးကုန်ကြတာမို့ အတည်ပြုမရသေးဘူး” ဟု ရွှေဘိုမြို့နယ်-ပကဖ မှတာဝန်ရှိသူက ပြောဆိုသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁၀ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင်ပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သောကြောင့် အမည်စာရင်းများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများနှင့် စစ်ရှောင်ပြည်သူများ နေထိုင်သည့် နေရာများကို ဗုံးကျဲ တိုက်ခိုက်နေသောကြောင့် လေကြောင်း အန္တရာယ် သတိပြု နေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ မီး လောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန်မှစတင်၍ အကြမ်း ဖက်စစ်တပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝန်းသို မြို့နယ် နမ်းခမ်းတိုက်နယ် အရှေ့စက်ရပ်ကွက် နှင့် ဘူတာစုရပ်ကွက်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်လေယာဉ်များက ၅ ကြိမ် ဗုံးပတ်ကျဲသွားခဲ့သဖြင့် ဝန်းသိုမြို့နယ်၊ အရှေ့စက်ရပ်ကွက်မှ နေအိမ် ၁ လုံးမီးလောင်ကာ အသက် ၅၈ နှစ်အရွယ် ဒေါ်သောင်းရင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က လေယာဉ် ၊ အသေခံဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက် ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာအနီးသို့ Y-12 လေယာဥ် ဖြင့် ဗုံး ၅၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးထက်မနည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် ကျောက်မြောင်းမြို့ ခမရ-၁၂ တပ်ရင်းမှ စစ်သားများ​က ဒရုန်း ၁ စီးဖြင့် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းဘက်ရှိ ကျေးရွာတစ်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စစ်တပ်က ၈၁ မမ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ်အတွင်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article