မကွေးတိုင်း၊ ပခုက္ကူမြို့ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၁တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ညီညီဖြိုးသည် မြိုင်မြို့ထွေ/အုပ်ရုံး၌ ကင်းတာဝန်ယူနေစဉ် ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ အလင်းဝင်လာသော ညီညီဖြိုးသည် 5.56 ကျည် ၁၃၀ တောင့် ၊ ဗုံးသီး ၁ လုံး ၊နင်းမိုင်း ၁ ခု၊ MA-1 ဘောက် ၃ ဘောက်တို့ ယူဆောင်လာခြင်းကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ ဆုချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ညီညီဖြိုးသည် ဘုတလင်မြို့နယ် ဇာတိဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တွင် ရွှေမျှော လုပ်ကိုင်နေစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရပြီးနောက် ကလေးမြို့ လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်း သင်တန်း တက်ရောက်ခဲ့ကာ ထိုမှတဆင့် တံတားဦးမြို့နယ်သို့ စစ်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ တံတားဦးမြို့နယ်၌ တာဝန်ထမ်းဆောင်နေစဉ် စစ်ယာဉ်တန်းဖြင့် မြိုင်မြို့နယ်အတွင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ရဲ့ တပ်ခွဲမှူးတစ်ယောက်နဲ့ ချိတ်ဆက်ပြီးဝင်ရောက်လာခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်းသစ်က စစ်မှုထမ်းအပတ်စဉ် ၆ကပါ။ စစ်မှုထမ်း သင်တန်းကို ကလေးမြို့ လေ့ကျင့်ရေးကျောင်းတွင် သင်တန်း တက်ရောက်ခဲ့ပါတယ်။ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁ တပ်ရင်းမှာ ခဏပဲနေရတယ်ပြောတယ်။ အဲကနေ မြိုင်ကို ရိက္ခာကားတန်းနဲ့ တစ်ခါတည်းပါလာခဲ့တာ။ ရဲစခန်းမှာ ကင်းစောင့်နေရင်းကနေ ထွက်ပြေးလာလို့ သွားကြိုရတာ။ ဘုတလင်မြို့နယ်မှာ အခြေချနေထိုင်ခဲ့ပြီး ဟုမ္မလင်းတွင်ရွှေမျှော လုပ်ကိုင်နေစဉ်အတွင်း စစ်ခွေးတွေ ပေါ်တာဆွဲတာကို ခံရတာ။ အလင်း ဝင်လာတာက ၂၀၂၅ခုနှစ် ၁၆ ရက်နေ့ကပါ ကျနော်တို့ဆီမှာ တစ်နှစ်နီးပါး စောင့်ကြည့်ပြီး စောင့်ရှောက်ထားတာပါ။ မိဘတွေနဲ့ ဆက်သွယ်ပြီး ဒီနေ့မှာပဲ သူ့နေရပ်ကိုပြန်ပို့ခဲ့တာပဲဖြစ်ပါတယ်။ ဂုဏ်ပြုဆုငွေ ကျပ် သိန်း၂၀ချီးမြှင့်တဲ့ အပြင် နေရပ်ကိုအရောက်ပြန်ပို့ပေးလိုက်တာပါ”ဟု ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ မှ တာဝန်ရှိသူကပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အခြေစိုက် ခမရ ၁၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးကလည်း သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရေတာရှည်မြို့နယ် အခြေစိုက် ခမရ ၁၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်အောင်ဦးက သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ရေတာရှည်မြို့နယ် တပ်ရင်း ၃၅၀၄ ၊ တပ်ခွဲ ၁ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် အောင်အောင်ဦးသည် MA-3 သေနတ် ၁ လက် ၊ MA- 1 သေနတ် ၁လက် ၊ ကျည်ဘောက်-၄ ခု နှင့် ကျည် ၈၅ တောင့်တို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသောကြောင့် ၎င်းကို ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
“သူက စစ်ခွေးတွေကို ပြန်လည်ပစ်ခတ်ပြီးတော့ သေနတ် ၂ လက်ယူပြီး ပြေးလာတာပေါ့။ ပြေးလာတဲ့အချိန်မှာ ကျနော်တို့ သတင်းရလို့ စောင့်ကြိုပြီးတော့ အဆင်သင့်ပဲ ခေါ်ယူလာခဲ့တာပါ” ဟု ရေတာရှည်မြို့နယ် တပ်ရင်း ၃၅၀၄ ၊ တပ်ခွဲ ၁ မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိအချိန် စစ်မှုထမ်းတပ်သားသစ် ကိုအောင်အောင်ဦးကို ၎င်းသွားရောက်လိုသော နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အလင်းဝင်ရောက်လိုသော စစ်သားများနှင့် စစ်မှုထမ်း တပ်သားများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ရေတာရှည်မြို့နယ် တပ်ရင်း ၃၅၀၄ ၊ တပ်ခွဲ ၁ က ပြုလုပ်နေသည့် “တော်လှန်ပြည်သူ နိုင်ရာကူ” ကျပ်သိန်း တစ်ထောင်ကမ်ပိန်းတွင်လည်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








