ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ဒီနေ့မှာ မြို့နယ် ၁၀၀ အတွင်း ရွေးကောက်ပွဲတွေ ပြုလုပ်နေပြီး ပြည်သူတွေကို မဲရုံတွေဆီ လာရောက်ဖို့ စစ်တပ်နှင့်မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ကချင်ပြည်နယ်မှာ တရုတ်နှင့်စစ်တပ်က ပူးပေါင်းလုပ်ဆောင်မယ့် ရေအားလျှပ်စစ်စီမံကိန်း ဧရိယာဒေသဖြစ်တဲ့ မြစ်ဆုံဒေသကို ကြားကာလ အမွေအနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြေညာပြီး ဘယ်စီမံကိန်းမှ မလုပ်ဖို့ တားမြစ်မိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
-ပြီးခဲ့တဲ့လက ဆီးရီးယားနိုင်ငံ ပါးလ်မိုင်ရာ (Palmyra) မြို့မှာ အမေရိကန်စစ်သား ၂ ဦးနဲ့ အရပ်သား စကားပြန် ၁ ဦး သေဆုံးခဲ့ရတဲ့ ခြုံခိုတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်တပ်က ဆီးရီးယားက အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ISIL ပစ်မှတ်တွေကို အကြီးစား ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် က စနေနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




