မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့်မုဒုံမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၅ ခုကို စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ လက်မခံကြောင်း ပြသသည့်အနေဖြင့် ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အရာရှိတစ်ဦး အပါ အဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း NMSP (AD)/ RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၄ နာရီခန့်အချိန် ရေးမြို့နယ် ၊အစင်ကျေးရွာထိပ်ရှိ စစ်တပ် ဂိတ် စခန်းကို ရာမညမွန်တပ်တော် (RMA) ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေ ဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီခန့်တွင် ရေးမြို့ပေါ်၌ ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် – စကခ ၁၉ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် လည်းကောင်း၊ ရေးမြို့နယ် ၊ ကလော့ကျေးရွာအနီးရှိ အမတ ၃၁၆ အမြောက်တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀၇ မမ များမှာ စစ်တပ်ဝင်း အနီးတဝိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်သားများ ထိခိုက် သေ ဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၈ နာရီဝန်းကျင်၌ပင် မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေစိုက် ခမရ ၂၀၉ တပ်ရၚ်းကို ရာမညမွန်တပ်တော် (RMA) ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဗုံးသီး ၂ လုံး ကျဲချခဲ့ရာ စစ်တပ် အရာရှိ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၀ ရက် နေ့လည်ပိုင်းတွင်လည်း မုဒုံမြို့နယ်၊ ကမာဝတ်မြို့ရှိ မဲရုံများကို အကြမ်းဖက် စစ်တပ်မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး နေစဉ် ရာမညမွန်တပ်တော် (RMA) ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ဒီလိုမျိုးတိုက်ပွဲဖော်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကျနော်တို့လည်း ထုတ်ပြန်ပြီးသားဖြစ် တယ်။ အကြမ်းဖက်စစ်တပ်ကနေ ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျနော်တို့ဆန့် ကျင်မယ် တိုက်ဖျက်သွားမယ်ဆိုတဲ့အကြောင်းလည်း အတိအလင်းကြေညာထားပြီးသားဖြစ်တဲ့ အ တွက်ကြောင့် အဲဒီရွေးကောက်ပွဲကို လက်မခံကြောင်းပြသခြင်းဖြစ်တယ်။ သို့ပေမယ့်ကျနော်တို့တိုက် ပွဲဖော်ဆောင်တဲ့နေရာမှာ စစ်ရေးပစ်မှတ်ဖြစ်တဲ့ တပ်စခန်းကိုပဲ ကျနော်တို့ တားဂတ်ထားပြီးတော့ တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်ပါတယ်” ဟု NMSP (AD)/ RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






