ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်တွင် မြန်မာအလုပ်သမားများလိုက်ပါသော ကြို/ပို့ယာဉ် တိမ်းမှောက်ပြီး မြန်မာနိုင်ငံသား ၄၂ ဦးဒဏ်ရာရရှိကြောင်း ထိုင်သတင်းများအရ သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ချွန်ပူရီခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါသော ကြို/ပို့ယာဉ်တစ်စီးမှာ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသားအလုပ်သမား အမျိုး သား ၂၆ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အမျိုးသမီး ၁ ဦးမှာလည်း ယာဉ်အတွင်း ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကယ်ထုတ်ခဲ့ရကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား ၄၂ ဦးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးခေါင်းကွဲအက်ဒဏ်ရာများနှင့် ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မြန်မာအလုပ် သမားများမှာ Pinthong စက်မှုဇုန်ရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများဖြစ်ကြောင်း သိရှိရသည်။
ကြို/ပို့ယာဉ်မောင်း၏ အဆိုအရ စက်ရုံသို့ မောင်းနှင်ရာတွင် တစ်နာရီလျှင် ၃၀-၄၀ ကီလို မီတာနှုန်းဖြင့် မောင်းနှင်ခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ အခြားယာဉ်များကို ရှောင်တိမ်းရင်း လမ်းဘေးတွင် တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကို ထိုင်းရဲများက စစ်ဆေးခဲ့ပြီး သက်သေအထောက်အထားများကို မှတ်တမ်းတင်ခဲုကာ ဒဏ်ရာရရှိသူများကို သီရိရာချာခရိုင်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း၊ နောက်ထပ်စုံစမ်းစစ်ဆေးမှုများနှင့် တရားဥပဒေအရ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






