ရန်ကုန်၊ ဇန်နဝါရီ ၁၆
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း အမှတ် ၉ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၉ ) မှ ဗိုလ်ကြီးစိုးမင်းထွန်းကို ဥသျှစ်ပင်မြို့ အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မူးယစ်ဆေးဝါးများ သယ်ယူမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ကံမမြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အိမ်စီး Alphard ကားကို ဖမ်းဆီးရရှိခဲ့ပြီး ယင်းကားမှာ ဗိုလ်ကြီး စိုးမင်းထွန်း ပိုင်ဆိုင်သော ကားဖြစ်ပြီး ယင်းကားနှင့်အတူ ဖမ်းဆီးရရှိသူ စစ်သား ၁ ဦးမှာ ဗိုလ် ကြီးစိုးမင်းထွန်းလက်အောက်ခံ တပ်မှ ဖြစ်ကြောင်း၊ အခြားလူများမှာလည်း ဗိုလ်ကြီး စိုးမင်းထွန်းနှင့်အတူနေ အရပ်သားတပည့်များဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မကွေးတိုင်း ကံမမြို့နယ်၊ ပယ်ကျကျေးရွာအနီး ALPHARD ယာဉ် ၁ စီးကို ဖမ်းဆီးရရှိခဲ့ပြီး ယင်းယာဉ်ပေါ်တွင် ငွေကျပ် ၁၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
” ဗိုလ်ကြီး စိုးမင်းထွန်း(ကပစ ၉/ဥသျှစ်ပင်နယ်မြေမှူး)ကို တပ်က ထောင်မချဘူး။ ပိုင်ဆိုင်မှုတွေကိုတော့ သိမ်းတယ်။ သူ့ကို ထောင်မချဘဲနဲ့ ရှေ့တန်းကို ပြန်ပို့တယ်။ ဇန်နဝါရီလ ဒုတိယအပတ်မှာ ပန်းတောင်းမြို့နယ် တိုက်ပွဲမှာ သူ မိုင်းထိပြီးတော့ အခု မင်္ဂလာဒုံကုတင် ၁၀၀၀ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေပါတယ်။ မူးယစ်ဆေးဝါးအမှုကတော့ ပိတ်လိုက်ပြီ။ ပိုင်ဆိုင်မှု သိမ်းတယ်။ သူ့တပည့်လေးတွေကိုတော့ ထောင်ချတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
ဗိုလ်ကြီးစိုးမင်းထွန်းထံမှ ငွေကျပ် သိန်း ၉ သောင်းကျော်အပြင် ခြံများ၊ ရွှေတုံးများ၊ ဇိမ်ခံကားများ၊ မိဘများထံသို့ ပေးပို့ထားသည့် ရွှေငွေနှင့်လက်ဝတ်ရတနာများ စစ်တပ်က သိမ်းယူခဲ့သည်။
ဗိုလ်ကြီး စိုးမင်းထွန်းမှာ မူးယစ်ဆေးဝါး သယ်ယူမှုကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







