မကွေးတိုင်း၊ တောင်းတွင်းကြီးမြို့နယ်၊ နေပြည်တော်-တောင်းတွင်းကြီး ရထားလမ်းဘေးတွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ပျဥ်းချောင်းကျေးရွာမှာ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများသည် ပျဥ်းချောင်းကျေးရွာမှ နေပြည်တော် -တောင်တွင်းကြီး ရထားလမ်းဘေးရှိ ကုလားမကျေးရွာလမ်းပေါက်၌ ဆက်ကြေးကောက်ပြီး ပျဥ်းချောင်းရွာသို့ပြန်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သားများထံမှ MA-1 သေနတ် ၄ လက်၊ 79 ၁ လက်၊ ၄၀ ဗုံး ၆ လုံး၊ ကျည် ၉၉၀ တောင့်၊ ကျည်ဘောက် ၁၀ ခု ၊ ကျည်ကာ ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ အနေနဲ့ စစ်ခွေးဂိတ်တွေနဲ့ အနီးဆုံးမှာ မနေဖို့ပေါ့။ စစ်ခွေးကားတွေ ဖြတ်သွားဖြတ်လာမှာ အနီးကပ် မနေဘဲ ခပ်ဝေးဝေး ကနေ လိုက်ဖို့ပေါ့။ အဲတာလေးပဲ မေတ္တာရပ်ခံချင်ပါတယ်။ အဲတိုက်ခိုက်မှုမှာတော့ စစ်ခွေး ၄ ကောင် သေပြီး လက်နက် ၅ လက်ရပါတယ်” ဟု ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) ၊ သရက်ခရိုင်အမှတ် ၅တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ် ) ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မကွေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





