စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး လမ်းကြိတ်စက်ကို ဝင်တိုက်မိ၍ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းရှိ ပေါက်တောရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာကို တပ်ကူပေးရန်အတွက် စစ်ကိုင်းမြို့ဘက်မှ အိမ်စီးကားများဖြင့် ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးသည် လမ်းဘေးတွင် ရပ်ထားသော လမ်းကြိမ်စက်ကို ဝင်တိုက်မိပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်း ကြက်ထောင့်ရွာမှ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပေါက်တောရွာကို ရမ်းသမ်းပစ်ခတ်နေသာကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းက ပေါက်တောရွာမှာ အထိုင်ချထားတဲ့ စစ်ခွေးစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်တာ တိုက်ပွဲက ၃ နာရီလောက်ကြာတယ်။ စစ်ခွေးတွေ ထိခိုက်မှုတော်တော်များတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကို စစ်ကူလာတဲ့ စစ်ခွေးတွေ လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးက လမ်းခင်းနေတဲ့နားမှာ ရပ်ထားတဲ့ လမ်းကြိမ်စက်ကို ဝင်တိုက်မိလို့ စစ်ခွေး ၃ ကောင်သေဆုံးတယ်။ အဲကားကို မွန်းလွဲပိုင်းမှာ စစ်ခွေးတွေက ကရိန်းနဲ့ လာဆွဲပြီး လမ်းသွားလမ်းလာပြည်သူတွေကိုလည်း ရမ်းကားသွားတယ်။ နောက်ပြီး ပေါက်တောရွာကိုလည်း စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ နပ္ပလ္လင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန့် ဇန်နဝါရီလ ၁၅ ရက်နေ့က နပ္ပလ္လင်ကျေးရွာအနီးတွင် PDF တပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး လိုက်ပါလာသော ကားနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယနေ့ ဇနနဝါရီလ ၁၆ ရက်နေ့တွင် နပ္ပလ္လင်ရွာကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းက နပ္ပလ္လင် ကျေးရွာကို စစ်ခွေးတွေ ဝင်ရောက်စီးနင်းမီးရှို့နေပါတယ်။ မနေ့က နပ္ပလ္လင်ကျေးရွာအနီးမှာ PDF တပ်တွေ လမ်းပိုင်းစစ်ဆေးရေးလုပ်နေတုန်း မန္တလေးကနလာတဲ့ ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီး ပါတဲ့ကားနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ အဲတာကို စစ်ခွေးတွေက မကျေနပ်လို့ ဒီနေ့မှာ ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့နေတာလို့သိရတယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၂ လုံးပြာကျသွားပြီလို့ သိထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




