မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသများတွင်အကြမ်းဖက် စစ်တပ်က ငွေကြေးကောက်ခံကာ စိုက်ခွင့်ပြုထားသော ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို တော်လှန်ရေးတပ်များက ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့များတွင် ငဖဲမြို့နယ် တောင်ဘက်ခြမ်း၊ ပဒါန်းနှင့် ငဖဲအကြားရှိ တောင်ပေါ်ဒေသများတွင် PRA-Magway တပ်ဖွဲ့မှရဲဘော်များက ထိုးစစ်ဆင်နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘိန်းစိုက်ခင်းများကို တွေ့ရှိကာ ဧက ၃၀ ခန့်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတောင်ပေါ်ဒေသများသည် ယခင်က အကြမ်းဖက် စစ်တပ်၏ နတ်ရေကန်စစ်စခန်း ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည့် နယ်မြေများဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နယ်မြေစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာမှ ယခုကဲ့သို့ ဘိန်းခင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
“ပဒါန်းနဲ့ ငဖဲ ကြား တောင်ပေါ်ဒေသတွေပါ။ ယခင်က စစ်တပ်ရဲ့ နတ်ရေကန် စစ်စခန်း ထိန်းချုပ်စိုးမိုးမှုအောက်မှာ ရှိခဲ့တဲ့ဒေသပါ။ ကျွန်တော်တို့ ထိုးစစ်ဆင်လာပြီး နယ်မြေစည်းရုံးရေးလုပ်ရင်း တွေ့ခဲ့တာပါ။ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဘိန်းခင်းပိုင်ရှင် ဖမ်းမိတာတော့ မရှိပါဘူး။ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးနိုင်ခဲ့တာပါ” ဟု PRA-Magway တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ ငဖဲမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုသည် သန်းရွှေလက်ထက် စစ်အုပ်ချုပ်ရေးလက်ထက်ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နယ်မြေခံရဲစခန်းများကလည်း ဘိန်းစိုက်ပျိုးသူများထံမှ အခကြေးငွေများ တောင်းခံကာ စိုက်ပျိုးခွင့်ပြုထားသလို၊ အကြမ်းဖက် စစ်တပ်၏ ဘိန်းစိုက်ခင်းဖျက်ဆီးရေး စီမံချက်ဆိုသည်မှာလည်း ဟန်ပြသာဖြစ်သော ကြောင့် တောင်ပေါ်ဒေသ ဘိန်းစိုက်ပျိုးမှုသည် တဖြည်းဖြည်း ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် PRA-Magway အနေဖြင့် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံကာ ဘိန်းမစိုက်ပျိုးရန် ပညာပေးသတိပေးမှုများ လုပ်ဆောင်နေပြီး၊ ပြည်သူများ ကိုယ်တိုင် ပါဝင်စိုက်ပျိုးခြင်း ရှိ၊ မရှိကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
“အခုက စိုက်ခင်းပဲ တွေ့ပါသေးတယ်၊ ရောင်းဝယ်တာတော့ မမိသေးပါဘူး။ ဘိန်းစိုက်ခင်းတွေ ကျန်ရှိနေပါသေးတယ်။ စစ်တပ်စိုးမိုးနယ်မြေထဲမှာပါ ထိုးစစ်ဆင်ပြီး နယ်မြေစိုးမိုးရေးနဲ့အတူ ဆက်လက်ဖျက်ဆီးသွားမှာပါ။ ကျွန်တော်တို့ စိုးမိုးဒေသအတွင်းမှာတော့ ပြည်သူတွေကို သတိပေးတားမြစ်ထားပါပြီ။ ပြည်သူလူထုအနေနဲ့ နိုင်ငံပျက်စီးနေချိန်မှာ နိုင်ငံကို အဆိုးရွားဆုံးဖြစ်မသွားအောင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေအပြင် ကျားဖြန့်လုပ်ငန်းတွေမှာ မပါဝင်မပတ်သက်ဖို့ ကြိုးစားစေလိုပါတယ်” ဟု PRA-Magway တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
PRA-Magway အနေဖြင့် ၎င်းတို့ လှုပ်ရှားနေသည့် ဒေသအတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် လက်ဝယ်သိမ်းဆည်းခြင်းများကို ထိရောက်စွာ တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









