26 C
Yangon

မကွေးထောင်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိနှင့်ဝန်ထမ်းများက အကျဉ်း သားများထံမှ ငွေကြေးအဓမ္မတောင်းခံသည့်အပြင် အကျဉ်းသား မိသားစုဝင်များကို ငွေကြေးလိမ်လည်လိုက်တောင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မကွေးထောင်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိနှင့်ဝန်ထမ်းများက အကျဉ်း သားများထံမှ ငွေကြေအဓမ္မတောင်းခံသည့်အပြင် အကျဉ်းသား မိသားစုဝင်များကို ငွေကြေးလိမ်လည်လိုက်တောင်းနေကြောင်း အကျဉ်းသားများ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ အကျဉ်းဦးစီးဝန်ထမ်းများက နည်းမျိုးစုံဖြင့် ငွေကြေးတောင်းခံခြင်း၊ ထောင်ဝင်စာပစ္စည်းများကို အလွဲသုံးစားများ ပြုလုပ်နေကြောင်း သိရှိရသည်။

မကွေးထောင်အတွင်း လမ်းခင်းရန် အကြောင်းပြ၍ အကျဉ်းသားများထံမှ အဓမ္မ ငွေကောက်ခံခြင်း၊ အကျဉ်းသားများထံမှ ၎င်းတို့၏ မိသားစု၊ အိမ်လိပ်စာနှင့် ဖုန်းနံပါတ်များ တောင်းယူကာ အကျဉ်းသား မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်တောင်းကြောင်း သိရှိရသည်။

“အကျဉ်းသူတွေဆီက ထောင်တွင်း လမ်းခင်းရန် အကြောင်းပြပြီး ဘိလပ် မြေအိတ်ဖိုးတွေ အဓမ္မခြိမ်းခြောက် အလှူခံတယ်။ အကျဉ်းသူတွေကို ခွေးနဲ့နှိုင်းပြောဆဲရေးတာတွေလည်း လုပ်တယ်။ လိုင်းကြေးကို တပ်ကြပ်ကြီး အေးအေးနိုင်၊ တန်းစီး မို့မို့ဝင်းတို့ ပေါင်းကောက်တာ။ အဆောင်တွင်း အိပ် ဆောင်နေရာတွေကိုလည်း ရောင်းတယ်။ အကျဉ်းသူတွေက အဝတ်ရုပ်ဖို့ မေ့ရင် မိလ္လာကန်က ရေတွေ ခပ်ပြီး အပင်တွေ လောင်းဖို့ ခိုင်းတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကျဉ်းဦးစီးဝန်ထမ်းများဖြစ်သော အဆောင်မှူး အေးအေးသွယ်သည် လက်ထောက် ကြီးကြပ်ရေးမှူး နိုင်အောင်၊ ဦးစီး မင်းလွင်ဦး တို့နှင့် လူမှုရေးဖောက်ပြန်ပြီး အကျဉ်းသားနှင့်အကျဉ်းသူများကို စိတ်လိုလက်ရ ညှဉ်းပန်းမှုပေါင်းစုံ လုပ်ခိုင်းနေကြောင်း သိရှိရသည်။

မကွေးထောင်တွင် တာဝန်ထမ်းဆောင်နေသော အကျဉ်းဦးစီးဝန်ထမ်းလည်းဖြစ်၊ စစ်တပ်မှ တပ်ကြပ် အငြိမ်းစားလည်းဖြစ်သူ တင်ဝင်း၏ မိသားစုဝင်များကလည်းမန္တလေးမှ မကွေးအကျဉ်းထောင်သို့ ထောင်ပြောင်း လာသည့် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၆ ဦး၏ အမည်နှင့် အချက်အလက်များကို အသုံးပြုကာ ငွေကြေးလိမ်လည်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အကျဉ်းသူတွေရဲ့ မိသားစုဝင်တွေကို ထောင်ဝင်စာပါဆယ် ကူညီပို့ပေးမယ်လို့ ယုံအောင် ပြောပြီး ပါဆယ်ထုပ်တွေထဲက ပစ္စည်းတွေကို နှိုက်ယူတာ၊ ငွေတွေကို လွှဲမပေးဘဲ အလွဲသုံးစားတွေ လုပ်နေတာ။ ပြီးတော့မှ နေပြည် တော် မကွေးလမ်းတစ်လျှောက်မှာ PDF တွေက ခရီးသည်တွေကို ကားပေါ်က ဆွဲချလုယက်နေတယ်ဆိုပြီး အပုပ်ချ သတင်းလွှင့်ပြီး ထောင်ဝင်စာ ဧည့်သည်တွေ မလာရဲအောင် လုပ်ကြတာ” ဟု အကျဉ်းသားမိသား စုဝင်တစ်ဦးက ရှင်းပြသည်။

မကွေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများနှင့် ရာဇဝတ်မှု အကျဉ်းသားများကို အကျဉ်းဦးစီးဌာနက မတရားမှုများစွာ လုပ်ဆောင်နေသည်ကို တိုင်ကြားသော်လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်က အကျဉ်းထောင်အတွင်း အကြမ်းဖက်နှိမ်နင်းရေး လေ့ကျင့်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က အကျဉ်းထောင်အတွင်း အကြမ်းဖက်နှိမ်နင်းရေး လေ့ကျင့်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article