26 C
Yangon

မြင်းခြံ-ရေစကြို မြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၊ ဝမ်းတွင်းတွင်လည်း စစ်တပ်က ကျေးရွာများကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း ရေစကြို မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်ခန့်က စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ရေစကြိုမြို့နယ် အစပ်ကို ဝင်ရောက်လာပြီး တဆောင်းရွာနှင့် နတ်ညွှန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူ လုယက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ထိ ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းနေသောကြောင့် တဆောင်းရွာနှင့် နတ်ညွှန်းရွာတို့မှ ပြည်သူများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေကတော့ အခုထိ တိမ်းရှောင်နေရတုန်းဆိုတော့ နေအိမ်ဘယ်လောက်မီးလောင်ပျက်စီးသွားတယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ဖမ်းဆီးခံရတဲ့ သူတွေ ရှိ၊မရှိလည်း မသိရသေးဘူး။ စစ်ခွေးစစ်ကြောင်းက အခုထိ စစ်ကြောင်းထိုးနေတုန်းပဲ” ဟုYesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ကားများ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်များကို နေအိမ်ပေါ်ထိ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဝင်ရောက်ဖမ်းဆီးမှုအတွင်း လူငယ် ၅ ဦး ဖမ်းဆီးခံရကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် အကြမ်းဖက် စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးမည်ကို သတင်းကြိုတင်ရရှိသော်လည်း ပြည်သူများကို အသိမပေးဘဲ ၎င်း၏ ဆွေမျိုးများကိုသာ ကြိုတင်ရှောင်ရှားခိုင်းသောကြောင့် လူငယ် ၅ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသော လူငယ်များသည်လည်း လက်ရှိချိန်ထိ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

“အုပ်ကြီး ဝင်းမြင့်က ရွာထဲမှာ စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ်ကို ၅ ထောင် လစဉ်ကောက်တယ်။ အခု ပိုက်ဆံတွေနဲ့ ကားတွေဝယ်စီးနိုင်နေပြီ ပိုက်ဆံကိုက အရင်သူ့စာရေး ကျော်မင်းကလုပ်ပေးပြီး အခုနောက်ပိုင်း သူ့တပည့် ကြီးရုပ်၊ ကြေးရုပ်က လိုက်ကောက်ပေးတာ အခု စစ်ခွေးတွေ အကြမ်းဖက်ဝင်ဆွဲမှာကိုကြတော့ အုပ်ကြီးက သူ့အမျိုးတွေကိုပဲပြောပြီး တခြားဘယ်သူမှ မသိကြဘူး” ဟု Voice Of Wundwin မှ တာဝန်ရှိသူကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article