ရန်ကုန်၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ် မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး ၂ ကောင်ပဲ သေတာပါ။ အဲစခန်းမှာက စစ်ခွေး အင်အား ခန့်မှန်းခြေ ၈၀ လောက်ရှိတယ်။ ထိခိုက် ဒဏ်ရာရတာလည်း အရမ်းများတယ်။ စစ်ခွေး အသေ ၂ ကောင်လဲ စခန်းထဲ မြေမြုပ်ထားတယ်။ စစ်ခွေးတွေနဲ့ ဝေးဝေးရှောင်ဖို့ ပြောချင်ပါတယ်” ဟု မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မူကို T.G.R ပြည်သူ့ကာကွယ်ရေးတပ် ၊ မြောင်မြို့နယ် မြို့မ တိုက်နယ် ပကဖ ကိုဝေလင်း ၊ စစ်ကိုင်းခရိုင် ထုတ်လုပ်ရေးဌာန ၊ မြောင်မြို့ နယ် ပကဖ ၊ မြောင်ဖိုက်တာ ပြည်သူကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ရေး စစ်အင်အား ဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေကြောင်း ဒေသ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲပြုလုပ်မည် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများ နှင့် မောင်းမကန် ဒေသကို အကြမ်းဖက် စစ်တပ်က လုံခြုံရေး ပေးနိုင်ရန် စစ်အင်အားများဖြည့်တင်းနေပြီး မဲပုံးများကိုလည်း စစ်ယာဉ်များဖြင့် ပို့ဆောင်နေခြင်းကြောင့် မြေပြင်တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။
လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ထားသော လောင်းလုံးမြို့ပေါ် ရဲစခန်း၊ လဝကရုံးနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ကလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် နေရာများ အနီးတွင် စစ်ကြောင်းများဖြန့်ချထားကြောင်း သိရှိရသည်။
“လောင်းလုံးမြို့နယ်ထဲမှာ စစ်ရေးကတော့ တင်းမာနေတယ်။ စစ်ခွေးတွေက သူတို့ လုံခြုံရေး တိုးထားတဲ့ နေရာတွေ တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ ရွေးကောက်ပွဲ လုပ်မယ့် မြို့ပေါ်၊ ရွာတွေနဲ့ မောင်းမကန်ဘက်ကို စစ်ကြောင်းထိုးတွေ တပ်ဖြန့်ချထားတယ်။ အခုလောင်းလုံးထဲကို ထားဝယ်ရေနက်ဆိပ်ကမ်းဘက်က စစ်ကူပို့ထားတဲ့ စစ်ကြောင်းထိုးရှိတယ်။ နောက်ပြီး ထားဝယ်ကလည်း စစ်ကူတွေ ထပ်ပို့ဖို့ စစ်ခွေးတွေ လုပ်ဆောင်နေတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




