25 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် ၁၀ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး မဲစာရင်းများပါ မီးရှို့ရှင်းလင်းခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၀ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၅ ဦး သေဆုံးခဲ့ပြီး မဲစာရင်းများပါ မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာရှိ မဲရုံပို ပြည်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၃ မှ ရဲဘော်များက ဝင်ရောက်စီးနင်းကာ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားသော မဲစာရင်းနှင့် စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲတွင် မပါဝင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်က အင်အား ၆၀ ခန့်ဖြင့် ရေဖြူကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ပြည်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၃ မှ ရဲဘော်များနှင့် ပေါက်ခေါင်း ပကဖ ပူးပေါင်းအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ပြည်မြို့မှ ပေါက်ခေါင်းမြို့နယ်ဘက်သို့ မဲပုံးများ တင်ဆောင်လာသော ကား ၁၂ စီးပါ ယာဉ်တန်းကို လုံခြုံရေးပေးရန် လိုက်ပါလာသည့် စစ်သား ၁၂ ဦးပါသော Light Truck ကား ၁ စီးကို ပြည်-ပေါက်ခေါင်း လမ်းပိုင်း၊ ရေဖြူ ကျေးရွာအနီးအရောက်တွင် ပြည်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၃ မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း တောင်လည်ကျေးရွာမှ ပေါက်ခေါင်းမြို့ဘက်သို့ ပြန်ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ ဖောကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ်၊ သာယာကုန်းကျေးရွာ သင်္ချိုင်းနှင့် ကန်စုစာသင်ကျောင်းအတွင်း တပ်စွဲထားစဉ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ၊ ပြည်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ ပြည်ခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ နှင့် ပေါက်ခေါင်းမြို့နယ် ပကဖ တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပေါက်ခေါင်းမြို့ ချင်းလည်ဂိတ်မှ ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို စန်းကုန်းကျေးရွာအနီးတွင် ၆၀ မမ ဗုံးသီးများဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အရှေ့ကြို့ကုန်းကျေးရွာမှ ကောင်းစည်ရွာအနောက်ဘက် မုံညှင်းကွင်းဘက်သို့ ဆက်လက်ထွက်ခွာလာရာ PDF ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းသည် ဖိုးကျော့ကွင်းကျေးရွာသို့ ဝင်ရောက်သွားကြောင်း၊ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် အကြမ်း ဖက်စစ်တပ်စစ်ကြောင်းသည် ဖိုးကျော့ကွင်းကျေးရွာမှ ဆက်လက်ထွက်ခွာလာရာ ပျားထိုးကျွန်းကျေးရွာအနီးတွင် PDF ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ဦးခန့် ထိခိုက်ခဲ့ကာ နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘောလုံးကွင်းမှ တောင်လည်တာဝါတိုင်အထိုင်စခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်သား ၃၅ ဦးပါ စစ်ကြောင်းကို ကြို့ကုန်းကျေးရွာအနီးတွင် ပြည်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၃ နှင့် ရွှေတောင် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ မျက်မြင် ၅ ဦး သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင်လည်း တောင်လည်ကျေးရွာမှ ပေါ်လံကြီးကျေးရွာဘက်သို့ ထွက်ခွာလာသော အင်အား ၁၃၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ညောင်ဝန်းကျေးရွာ၊ ရှောက်ပင်ကျွန်းတောအနီးတွင် ပြည်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၃ ရဲဘော်များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးခန့် မျက်မြင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို ၁၀ ရက်ကြာ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၅၅ ဦး ထိခိုက်သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ ၁ ဦးသည်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးစ ထိမှန်၍ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် အထူးဂရုပြုနေထိုင်ကြရန်နှင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်စပ်သည့် နေရာများသို့ သွားရောက်ခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၁ ဗျူဟာ ပြည်ခရိုင် တပ်ရင်း ၂ မှ ရဲဘော် Red Star က ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article