30 C
Yangon

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိမှုမှာ တိုင်းရင်းသားလက်နက်ကိုင်များက မူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့်ဟု ဇော်မင်းထွန်းက အပြစ်တင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံတွင် နှစ် ၇၀ ကျော် ပြည်တွင်းပဋိပက္ခ ငြိမ်းချမ်းရေး မရရှိမှုမှာ တိုင်းရင်းသားလက်နက်ကိုင်များက မူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အပြစ်တင်ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ပြင်ဦးလွင် အနီးစခန်းလေဆိပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ အပြစ်တင်ပြောဆိုလာခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ရှိခဲ့ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းပဋိပက္ခကို ငြိမ်းချမ်းရေးလုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရရှိသေးကြောင်း။ ထိုသို့ အောင်မြင်မှု မရရှိရခြင်းမှာ EAO များ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့်ဖြစ်ကြောင်း သူက ဆိုသည်။

“EAOs တွေဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေစတင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပြီပေါ့ ဗျာ။ ဒီ EAOs တွေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အပြည့်အဝအောင်မြင်မှုမရသေးပါဘူး။ ဒီအောင်မြင်မှုမရရှိတဲ့အကြောင်း အရင်းထဲမှာလည်း အဓိကပါဝင်တဲ့ အကြောင်းအရင်းက မူးယစ်ဆေးဝါးပါပဲ။ မူးယစ်ဆေးဝါးနဲ့တရားမဝင်လုပ်ငန်းတွေပဲ။ သူတို့ကတော့မျိုးစုံပြောကြမှာပဲ။ လူမျိုး ရေး၊ အမျိုးသားရေး၊ နိုင်ငံရေးစသဖြင့် သူတို့မျိုးစုံအကြောင်းပြတာပဲ။ ဒါပေမယ့်တကယ့်မြေပြင်မှာ လက်တွေ့လုပ်နေတာကတော့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး အဲဒီလုပ်ငန်းတွေက ဝင်ငွေရရှိတယ်။ အဲဒီဝင်ငွေတွေနဲ့လက်နက်ဝယ်တယ်။ လက်နက်ဝယ်ပြီး အဲဒီငွေတွေနဲ့ပဲ အာဏာထူထောင်တယ်။ သူတို့အနေနဲ့ ပြယုဂ် ကောင်းအောင် လူမျိုးရေး၊ လွတ်မြောက်ရေးစသဖြင့် အကြောင်းပြတာဖြစ်မယ်။ တကယ့်လက်တွေ့ လုပ်ငန်းတွေမှာတော့ ဒါတွေပဲလုပ်နေတာဖြစ်တယ်။ ဒါကြောင့် EAOs အမည်ခံ လက်နက်ကိုင်တချို့အတွက် အဓိကဝင်ငွေရတဲ့လုပ်ငန်းသည် မူးယစ်ဆေးဝါးလုပ်ငန်းဖြစ်ပြီး သူတို့တွေက ဒါကိုလုံးဝ လက်မလွှတ်နိုင်တဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များမှာ စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ယခုအချိန်အထိလည်း ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးက ငွေရလွယ်ကြောင်း၊ အခြားသော မြေပေါ်မြေအောက် သယံဇာတများကိုလည်း EAOများက ခိုးထုတ်နေကြကြောင်း သူက ဆိုသည်။

“EAOs များက စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ရပ်တည်ခဲ့သလို အခု ထိလည်း လုပ်ကိုင်နေကြဆဲဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဟာ ငွေရအလွယ်ဆုံး နည်းလမ်းဖြစ်ပြီး အကာအကွယ်အတွက် တရားမဝင်လက်နက်ကိုင်တွေ လိုအပ်ပါတယ်။ တရားမဝင် လက်နက်ကိုင်အဖွဲ့များရဲ့ အဓိကတရားမဝင် စီးပွား ရေးလုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ နံပါတ်တစ် မူးယစ်ဆေးဝါးလုပ်ငန်း၊ နံပါတ်နှစ်အနေနဲ့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ တူးဖော် ခိုးထုတ်ခြင်းလုပ်ငန်းနဲ့ နံပါတ်သုံးအနေနဲ့ တရားမဝင်မှောင်ခိုကုန်သွယ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အကျယ်ပြန့်ဆုံး လုပ်ဆောင်နေ ကြတာဖြစ်ပါတယ်။ လက်နက်ရှိတဲ့အတွက် အာဏာရှိတယ်၊ အာဏာရှိတဲ့အတွက် မူးယစ်ဆေးဝါးကို အကာအကွယ်ပေးတယ်၊ လုပ်တယ်၊ လုပ်တဲ့အတွက် ကြောင့် ငွေရရှိပြီး၊ ငွေရရှိတဲ့အတွက် လက်နက်ဝယ်ယူပြီး အာဏာကို ပိုပြီးတည်ဆောက်ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ သံသရာလည်နေကြတာဖြစ်ပါ တယ်။ ဒီထဲမှာတော့ EAOs တချို့ကဒါတွေကို ယောင်ပြတိုက်ဖျက်သလိုလုပ်ပြီး နောက်ကွယ်မှာ တော့ သူတို့ရဲ့ အသက်ဆက်ရေးလုပ်နေတာတွေ၊ တခြားသူတွေကို လုပ်ခိုင်းနေတာတွေလည်းရှိပါတယ်” ဟု ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

လက်ရှိ SSPP/SSA အဖွဲ့များ၏အခိုင်အမာစခန်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာ စခန်းများကို ဆက်တိုက် သိမ်းပိုက်လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း AA က ပင် လယ် ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများ တင်ပို့နေကြောင်း၊ AA က ဗိုလ်မှူးကြီးအဆင့်ရှိသူများပါ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။

စစ်တပ်အနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့် အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက စွပ်စွဲပြောဆို ကြိမ်းဝါးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article