31 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း၊ မြထွန်းဦး အပါအဝင် စစ်တပ်နှင့်ရဲ အရာရှိ ၆၁ ဦးကို စစ်အာဏာသိမ်းကာလ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စွဲချက် တင်ရန် သက်သေအထောက်အထားရရှိထားပြီဟု Fortify Right က ကြေညာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း၊ မြထွန်းဦး အပါအဝင် စစ်တပ်နှင့်ရဲ အရာရှိ ၆၁ ဦးကို စစ်အာဏာသိမ်းကာလ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇ ဝတ်မှုများအတွက် စုံစမ်းစစ်ဆေး စွဲချက်တငရန် သက်သေအထောက်အထားရရှိထားပြီဟု Fortify Right က အစီရင်ခံစာ ထုတ်ပြန်ကြေညာသည်။

Fortify Right က ဇန်နဝါရီလ ၂၄ ရက်နေ့ “လုံခြုံရာအရပ်ကင်းမဲ့နေခြင်း” အမည်ဖြင့် အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် ပထမအဆင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ၆ လတာအတွင်း မြန်မာစစ်တပ်နှင့်ရဲများက ဆန္ဒပြပြည်သူများအပေါ်ဖြိုခွင်းမှုများကို အဓိက အခြေခံထားကြောင်း၊ အဆိုပါ ပထမအဆင့်ကာလတွင် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးထောင်ချမှု၊ အဓမ္မဖျောက်ဖျက်မှု၊ အဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် ကွပ်မျက်မှုတို့ကို မှတ်တမ်းတင်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာစစ်အာဏာသိမ်းအုပ်စုတွင် တာဝန်ရှိကြောင်း ယုံကြည်ရသည့် ခိုင်လုံသော အကြောင်းအရင်းများကို တွေ့ရှိထားကြောင်း သိရှိရသည်။

အဆိုပါ အစီရင်ခံစာတွင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ဆေးကာ စွဲချက်တင်သင့်သည့် စစ်တပ်နှင့်ရဲအရာရှိ ၆၁ ဦးကို ခွဲခြားဖော်ထုတ်ထားပြီး စစ်တပ်၏ တပ်ဖွဲ့စည်းပုံများ အကြောင်း အပါအဝင် စွဲချက်တင်သူ တရားလိုရှေ့များအတွက် အကျိုးရှိနိုင်သည့် အချက်အလက်အသစ်များကိုလည်း တင်ပြထားကြောင်း သိရှိရသည်။

လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသော ထိပ်ဆုံးစာရင်းတွင် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် မြထွန်းဦး အပါအဝင် ၆၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ ဒုတိယအဆင့် ကျူးလွန်မှုများတွင် တိုင်းရင်းသားပြည်နယ်များရှိ ပဋိပက္ခနှစ်ရှည်လများစွာ ဖြစ်ပေါ်လျက်ရှိသော နယ်မြေများနှင့် ဒုတိယကမ္ဘာစစ်ကတည်းက လက်နက်ကိုင်ပဋိပက္ခကို မကြုံဖူးခဲ့သော တိုင်းဒေသကြီးများတွင်ပါ မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် တိုက်ခိက်မှုများ ပါဝင်ကြောင်း သိရှိရသည်။

ပထမအဆင့် စစ်တပ်၏ ကျူးလွန်မှုများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်မဲ့ ပြည်သူများ အများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဆက်တိုက် နေ့ခင်းကြောင်တောင် အချိန်များတွင်ပါ ပစ်သတ်ခဲ့ကြကြောင်း၊ စစ်တပ်က ပြည်သူများကို ကျည်တစ်တောင့်တည်းဖြင့် ရင်ဘတ်(သို့မဟုတ်) ခေါင်းစသည့် သေစေလောက်သော နေရာများကို ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ဆန္ဒပြသူများကို သတ်ဖြတ်ရန်နှင့် အကြောက်တရားရိုက်သွင်းရန် စနိုက်ပါသမားများကို ဖြန့်ကျက်ချထားခဲ့ကြောင်း သိရှိရသည်။

အစီရင်ခံစာတွင် မျက်မြင်သက်သေနှင့် အသက်ဘေးမှ လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များ၊ လူမှုကွန်ရက်ပေါ် တင်ခဲ့ကြသော လူသတ်မှုများနှင့်ပတ်သက်သော ဗီဒီယိုနှင့်ဓာတ်ပုံပေါင်း ၃၀၅ ခုတို့ကိုလည်း သုံးသပ်ခဲ့ကြောင်း၊ မူရင်းဗီဒီယိုပိုင်ရှင်များနှင့် သိလိုသော အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့ခဲ့ရသူများကိုလည်း အင်တာဗျူးခဲ့ကြောင်း ၊ Open Source Information ဒေတာပေါင်း ၁၁၅၃ ခုကိုလည်း စုဆောင်းခဲ့ကြောင်း၊ အဆိုပါ ဒေတာများတွင် ၂၀၂၁ ခုနှစ် မတ်လမှ မေလအတွင်း ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အိုးအိမ်ပစ္စည်း၊ ဘာသာရေးအဆောက်အဦးများကို ဖျက်ဆီးခြင်းကဲ့သို့ သော လူ့အခွင့်အရေးချိုးဖောကမှုများ အပါအဝင် အခန်းကဏ္ဍအလိုက် စနစ်တကျ စီစဉ်ထားကြောင်း သိရှိရသည်။

အစီရင်ခံစာတွင် အကြမ်းဖက် စစ်အုပ်စုကို အကြံပြုချက် ၆ ချက် ထည့်သွင်းထားပြီး အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ပြီး ပဋိပက္ခများအားလုံးကို ချက်ချင်းအဆုံးသတ်ရေး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးရန်၊ မြန်မာပြည်သူများက မှန်ကန်စွာ ရွေးချယ်ထားသူများအား သက်ဆိုင်ရာအာဏာကို ပြန်လည် အပ်နှင်းရန် အပါအဝင် အချက် ၆ ချက် အကြံပြုထားသည်။

ယင်းအပြင် NUG သိ့ အကြံပြုချက် ၄ ချက် ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ အကြံပြုချက်များ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အကြံပြုချက်များ၊ အာဆီယံသို့ အကြံပြုချက်များကိုလည်း ထည့်သွင်းထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article