ရန်ကုန်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံတွင် စစ်တပ် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲတွင် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက အနိုင်ရရှိခဲ့သည်ဟု ကြေညာထားမှုကို လူ့အခွင့် အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ -APHR က အပြင်းအထန် ကန့်ကွက်ပြီး တရားဝင်မှုမရှိသော ရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့သည့် စစ်တပ်က စီစဉ်ကျင်းပသော ရွေးကောက်ပွဲမှာ ဖိနှိပ်မှု၊ ချန်လှပ်မှုနှင့် အကြမ်းဖက်မှုများအောက်တွင် ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက် ပွဲ သာဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ဆုံးအဆင့် မဲပေးမှုများပြီးဆုံးကာ ကြေ ညာ ခဲ့သည့် ရလဒ်သည် ကြိုတင်ခန့်မှန်းပြီးသားရလဒ် ဖြစ်ကြောင်း၊ အာဏာသိမ်းစစ်တပ်က စနစ်တကျ ထိန်းချုပ်ထားသည့် ပြိုင်ပွဲတစ်ခုသာဖြစ်ကြောင်း APHR က ပြောဆိုသည်။
ယခုရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်မှာ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးခဲ့ပြီး၊ ယင်းအခြေအနေမှာ စစ်ပွဲများ၊ လုံခြုံရေးမရှိမှု၊ ကြောက်ရွံ့မှုများကြောင့် မဲပေးရန် မဖြစ်နိုင်ခဲ့ခြင်းကို ပြသနေသည် ဟု ထောက်ပြထားသည်။
ပြည်သူအချို့က မဲမပေးလျှင် အရေးယူခံရနိုင်မည်ကို ကြောက်ရွံ့သဖြင့် မလိုလားဘဲ မဲပေးခဲ့ရကြောင်း၊ အချို့ဒေသများတွင်တော့ တိုက်ပွဲများ၊ အိုးအိမ်စွန့်ခွာရမှုများနှင့် စစ်တပ်၏ ကန့်သတ်ချက်များကြောင့် မဲပေးခွင့် လုံးဝမရရှိခဲ့ကြောင်း သိရှိရသည်။
လူထုထောက်ခံမှု အပြည့်အ၀ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များသည် ထောင်ချခံထားရခြင်း၊ ပါတီဖျက်သိမ်းခံရခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်ခံထားရခြင်းများကြောင့် ယင်းရွေးကောက်ပွဲကို လွတ်လပ်မှုရှိ၊ တရားမျှတမှုရှိ၊ ယုံကြည်နိုင်စရာရှိသော ရွေးကောက်ပွဲအဖြစ် လုံးဝမယူဆနိုင်ကြောင်း APHR က ဆက်လက်ပြောဆိုသည်။
APHR က ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ရလဒ်များကို နိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် အင်စတီကျူးရှင်းများမှ တရားဝင်အဖြစ် အသိအမှတ်ပြုရန် ကြိုး ပမ်းလာပါက လုံးဝလက်မခံကြောင်း ထပ်မံ အလေးပေးပြောကြားခဲ့သည်။
အဆိုပါ “အတုအယောင် ရွေးကောက်ပွဲ” ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ စစ် ဆင်ရေးများ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရမှုများ ဖြစ်ပွားနေခဲ့ပြီး၊ ပြည်သူများအနေ ဖြင့် မိမိတို့၏ ဆန္ဒကို လွတ်လပ်စွာ ဖော်ပြနိုင်ရန် လုံးဝမဖြစ်နိုင်ခဲ့ကြောင်း APHR က ဆိုသည်။
ထို့ကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများ၊ လွှတ်တော်အမတ်များအပါအဝင် အားလုံးသည် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနှင့် ထိုမှ ထွက်ပေါ်လာသည့် အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား ပယ်ချရန် တောင်းဆိုထားသည်။
ယင်းလုပ်ငန်းစဉ်သည် တရားဝင်မှုမရှိ၊ ပြည်သူ့ပါဝင်မှုမရှိဘဲ စစ်အုပ်ချုပ်ရေးကို ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်သူများကို ကာကွယ်ရန် အသုံးချနေသည်ဟု ထောက်ပြထားသည်။
၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်မပြုကြောင်း ဦးဆောင်ကြေညာရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်စေရန် ဖိအားပေးရန်၊ လူသားချင်းစာနာမှု အကူအညီများကို လုံခြုံစွာ ရောက်ရှိနိုင်ရန် သေချာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ခံစေရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့က တောင်းဆိုထားသည်။
အာဆီယံအနေဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ မအောင်မြင်ခြင်းကို ကျော်လွန်ပြီး မြန်မာနိုင်ငံသားများ၏ အသံကို မြှင့်တင်ပေးရမည်၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ဘေးကင်းရေးအတွက် ၎င်းတို့၏ မျှော်လင့်ချက်များကို ခိုင်မာစွာ ထောက်ခံရန်လည်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့က ဆက်လက် တောင်းဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




