ရန်ကုန်၊ ဇန်နဝါရီ ၂၉
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ယနေ့ ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က အထက်ပါအတိုင်း ကြေညာလိုက်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့သော်လည်း အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကို အသိအမှတ် မပြုကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က ပြောဆိုသည်။
အာဆီယံအနေဖြင့် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုသည်မှာ မှန်ကန်ပါသလားဟု သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး “ဟုတ်ပါတယ်၊ အခုအချိန်အထိတော့ အသိအမှတ်မပြုပါဘူး” ဟု ဖြေကြားခဲ့သည်။
အာဆီယံက အဆင့်သုံးဆင့်ဖြင့် ကျင်းပခဲ့သည့် မြန်မာစစ်တပ်၏ ရွေး ကောက်ပွဲများကို ထောက်ခံအတည်ပြုထားခြင်း မရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး ဆက်လက် ပြောဆိုသည်။
အာဆီယံ ၏ ယခုဆုံးဖြတ်ချက်ကြောင့် မြန်မာစစ်တပ်က ရွေးကောက်ပွဲကို နိုင်ငံ တကာ၏ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေမှုအပေါ် ကြီးမားသော ထိခိုက်မှုများဖြစ်လာသည်ဟု သတင်းများက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေး ကောက်ခံ အစိုးရထံမှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ အာဆီယံ က မြန်မာစစ်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဆီယံထိပ် သီးအစည်းအဝေးများသို့ စစ်ခေါင်းဆောင်များ တက်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။
စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ဖွတ်ပါတီက ယခု ရွေး ကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာခဲ့သော်လည်း အဓိကအတိုက်အခံပါတီများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးခဲ့ခြင်း၊ ဝေဖန်မှုများကို တင်းကျပ်စွာ ကန့်သတ်ခဲ့ခြင်းတို့ကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် အလိုအလျောက် ထိန်းချုပ်ထားပြီး အာဏာကို စစ်တပ်က ဆက်လက်ထိန်းချုပ်နိုင်စေရန် စီမံထားခြင်းဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌတာဝန်ကို ရပ်ဆိုင်းထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး၊ မြန်မာအရေးဖြေရှင်းရေးအတွက် ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ချက်(5-Point Consensus – 5PC) ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဆိုသည့် ကတိကဝတ်ကို ထပ်မံအတည်ပြုကြောင်း အာဆီယံက ထုတ်ပြန်ကြေညာသည်။
နိုင်ငံရေးအရ အရေးပါသည့် တိုးတက်မှုများသည် ငြိမ်းချမ်းမှု၊ လုံခြုံရေးနှင့် ပါဝင်ခွင့်ရှိမှုကို အခြေခံထားသော ပတ်ဝန်းကျင်အတွင်းသာ ဖြစ်ပေါ်နိုင်ကြောင်း အာဆီယံက မှတ်ချက်ပြုထားပြီး အကြမ်းဖက်မှု ရပ်စဲရေးနှင့် သက်ဆိုင်ရာ ပါဝင်သူအားလုံး ပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများ အရေးပါကြောင်း အာဆီယံ၏ ကြေညာချက်က အလေးပေးဖော်ပြသည်။
အာဆီယံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရာတွင် ဘုံသဘောတူညီချက် ၅ ချက်ကို အဓိက ကိုးကားရမည့် မူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားမည် ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ထပ်မံအတည်ပြုသည်။
ထို့အပြင် အာဆီယံက မြန်မာ့အရေး ဖြေရှင်းရာတွင် မြန်မာပြည်သူများ ဦးဆောင်၍ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဖြေရှင်း ချက်တစ်ရပ်ကို ရှာဖွေရန် အထောက်အကူပေးသွားမည်ဖြစ်ကြောင်း၊ ထိုနည်းတူ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်းလည်း ထပ်မံအတည်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်၊ တရားမျှတ၊ ငြိမ်းချမ်း၊ ကန့်သတ်မှုမရှိ၊ အားလုံးပါဝင်ခွင့်ရှိသော ယုံကြည်စိတ်ချရသည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပရေး၏ အရေးပါမှု ကို အာဆီယံက ထပ်မံအတည်ပြုခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







