ရန်ကုန်၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပနယ်မြေ အနီးတဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ စစ်တပ်လေထီးနှင့် Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပနယ်မြေ အနီးတဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ၊ စက်တပ်လေထီးနှင့် ဂျိုက်ရိုကော်ပတာများဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပနယ်မြေ အနီးတဝိုက်က ကျေးရွာတွေကို စစ်ခွေးတွေက ဂျက်ဖိုက်တာ၊ စစ်တပ်လေထီး၊ ဂျိုက်ရိုကော်ပတာတွေနဲ့ ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူ ၂ ဦးထိတယ်လို့တော့ ကြားတယ်။ ကျန်တာတော့ ဘာမှအတည်မပြုနိုင်သေးဘူး။ အဲဘက်တွေက ဖုန်းလိုင်းလည်းမမိဘူး။ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ လာကျဲတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကနီမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 ဗုံးကျဲ လေယာဥ်၊ ဂျက်ဖိုက်တာ၊ စက်တပ်လေထီး၊ ဂျိုက်ရိုကော်ပတာများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေနှင် နေအိမ်များ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ နေအိမ် ဘယ်နှလုံး ပျက်စီးတာကို မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ကျေးရွာမှာရှိတဲ့ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်တို့ကို သတိထားနေထိုင်ဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကော်တက်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း Infinity Group က သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်ခန့်အချိန်တွင် တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကော်တက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၃ လုံးထိခိုက်ပျက်စီးသွားပြီး ပြည်သူများထိခိုက်မှုများရှိသော်လည်း သေဆုံးသူမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – တန့်ဆည်မြို့နယ်၊ ကော်တက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ်များ (photo credit-Infinity Group)






