ရန်ကုန်၊ ဖေဖော်ဝါရီ ၈
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က မြ၀တီရွာ၊ ကျွန်းဒေါင့်၊ ဝက်လူးကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းက နွားထိုးကြီး မြို့နယ်၊ မြ၀တီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတစ်ခုလုံးကို မီးတင်ရှို့ကြောင်း၊ ကျေးရွာနေပြည်သူများမှာ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်၍ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများမရှိကြောင်း သိရှိရသည်။
“တနေ့ကနဲ့ မနေ့ နွားထိုးကြီးမြို့နယ် မြဝတီရွာကို စစ်တပ်က လက်နက်ကြီးတွေပစ်ပြီး ဝင်တယ်။ တစ်ရွာလုံး မီးရှို့ခံရတယ်။ နွားတွေလည်း သေတာမနည်းဘူး။ ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ပါတယ်။ လူဦးရေ ၁၀၀၀ ကျော်ပါတယ်” ဟု စစ်ဘေးရှောင်ပြည်သူမိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း စစ်တပ်စစ်ကြောင်းက မြ၀တီကျေးရွာမှ ထွက်ခွာစစ်ကြောင်းထိုးပြီး ကျွန်းဒေါင့်ကျေးရွာ၊ ယင်းနောက် ဝက်လူးကျေးရွာတို့ကို ပတ်၍ မီးရှို့ဖျက်ဆီးသွားကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာပေါင်း ၁၀ ခုထက်မနည်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က မြဝတီရွာပြီးတော့ ကျွန်းဒေါင့်ရွာ နောက်တော့ ဝက်လူးရွာတွေကို စစ်တပ်က ပတ်မီးရှို့သွားတယ်။ အခုတော့ မြ၀တီ၊ ကျွန်းဒေါင့်၊ ဆေးခင်းကြီး၊ ရွာသာအေး၊ ဝက်လူး၊ ဇီ၊ အောင်မြေစံ ၊ အောင်ချမ်းသာ၊ မန်ကျီးကုန်း၊ ပဲချက် ရှေ့ရွာ၊ ပဲချက် နောက်ရွာတွေက ပြည်သူတွေ ထောင်သောင်းချီပြီးတော့ စစ်ဘေးရှောင်နေရတယ်” ဟု နွားထိုးကြီးမြို့နယ်မှ သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
နွားထိုးကြီးမြို့နယ်အတွင်း ပြည်သူများမှာ စစ်တပ်စစ်ကြောင်းထိုးမှုကို ကြိုတင်သတင်းထောက်လှမ်း၍ ကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် လတ်တလော စစ်ဘေးရှောင် ပြည်သူများ ဘေးကင်းကြောင်း၊ ကန်ကြီးကျေးရွာမှ ပြည်သူများမှာလည်း ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်တပ်က စစ်ကြောင်းထိုးလာသည်ဆိုသော အခြေအနေများကြောင့် ရွာမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံထားရသော ကျေးရွာတစ်ခု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




