ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွှတ်ပေးရန် ဖိလစ်ပိုင်အပါအဝင် နိုင်ငံ တကာ က မျှော်လင့်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကျရောက်သည့် မြန်မာနိုင်ငံ၏ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) တိုက်တွန်းနှိုးဆော်လိုက်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုစကားဆိုခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်လာလိမ့်မည်ဟု ဖော်ပြထားသည်။
“၂၀၂၁ ခုနှစ်ကစပြီး အကျဉ်းသား ထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့တာကို တွေ့ရပါတယ်။ ဖိလစ်ပိုင်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဦးတည်မယ့် ပထမခြေ လှမ်းဖြစ်သလို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို အကောင် အထည်ဖော်ရာလည်း ရောက်ပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသည်။
လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်စေရန်အတွက် မြန်မာနိုင်ငံမှ အရေးပါသော နိုင်ငံရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပဋိပက္ခများ လျှော့ချရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရခြင်း ဖြစ်သည်။ ထို့အပြင် အာဆီယံ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများကြောင့် မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်ကိုလည်း ဆုံးရှုံးထားသည်။
ဓာတ်ပုံ- ဖိလစ်ပိုင်သမ္မတ Ferdinand R. Marcos Jr. နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa “Tess” Lazaro ။




