ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောလက်စတေးနိုင်ငံ၏ သံတမန်ကို မြန်မာနိုင်ငံမှ နှင်ထုတ်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံရှိ တီမောလက်စတေးနိုင်ငံ (Timor-Leste) ၏ သံတမန်ကိုယ်စားလှယ်အား ၇ ရက်အတွင်း ထွက်ခွာရန် စစ်တပ်က ဖိအားပေးခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) တွင် ပြင်းပြင်းထန်ထန် ရှုတ်ကြောင်း၊ ယင်းလုပ်ရပ်မှာ နိုင်ငံတကာ သံတမန်ရေးရာ စံနှုန်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း NUG က ထောက်ပြထားသည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်တပ်၏ ခြိမ်းခြောက်ဖိအားပေးမှုများမှာ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention on Diplomatic Relations) ပါ မူဘောင်များကို ထိခိုက်စေကြောင်း၊ သံတမန်တစ်ဦးကို ‘လက်မခံနိုင်သောပုဂ္ဂိုလ်’ (Persona non grata) အဖြစ် ကြေညာပိုင်ခွင့်ရှိသော်လည်း ယင်းသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာဥပဒေ လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ခြိမ်းခြောက်သည့်နည်းလမ်းကို အသုံးပြုခြင်းမှာ ငြိမ်းချမ်းသည့် သံတမန်ဆက်ဆံရေးမူဝါဒများနှင့် ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်အနေဖြင့် တီမောလက်စတေးနိုင်ငံကိုသာ သီးသန့်ခွဲထုတ်ပြီး ပစ်မှတ်ထားဆောင်ရွက်ခြင်းမှာ နိုင်ငံတကာ သံတမန်ကျင့်ထုံးများကို လေးစားလိုက်နာမှုမရှိကြောင်းကို ပြသခြင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တီမောလက်စတေး အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် ပုံမှန်ဆက်သွယ်မှုများ အမြဲရှိနေကြောင်း NUG က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် တရားမျှတမှုဖော်ဆောင်နိုင်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်များကို အဆုံးသတ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးနေသည့် တီမောလက်စတေးအပါအဝင် နိုင်ငံအားလုံးကို NUG က ကျေးဇူး တင်ရှိကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် ကာလတွင် မြန်မာပြည်သူများအပေါ် ကူညီမှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ NUG က တိုက်တွန်းထားသည်။
ဓာတ်ပုံ- တီမောသမ္မတနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။ )




