ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပါက ဖိလစ်ပိုင်၊ တီမော၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့အနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီး၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICC တရားရုံးသို့ ပို့ဆောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ- SAC-Mက ယနေ့ တိုက်တွန်းသည်။
မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပြန်လာသောအခါ ဖိလစ်ပိုင် နှင့် တီမောလက်စ်တေနိုင်ငံတို့အနေဖြင့် ICC တရားရုံးနှင့် ပူးပေါင်း၍ ဖမ်းဆီးလွှဲပြောင်းပေးရန်လိုအပ်ပြီး မလေးရှား နှင့် စင်ကာပူတို့အနေဖြင့် ICC ၏တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ် ထောက်ခံအားပေးရန် နှင့် တရားစီရင်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းသည်။
အာဆီယံအဖွဲ့ဝင် တီမောလက်စ်တေနိုင်ငံကဖေဖော်ဝါရီလအစောပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုရန် အစိုးရရှေ့နေတစ်ဦးကို ခန့်အပ်ခဲ့ကြောင်း၊ အဆိုပါလုပ်ဆောင်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်တစ်နိုင်ငံကို ပထမဆုံးအကြိမ် တရားစွဲဆိုခြင်းဖြစ်ပြီး ဒေသတွင်း တာဝန်ခံမှုရှိစေရေးအတွက် အလှည့် အပြောင်းမှတ်တိုင်တစ်ခု ဖြစ်လာကြောင်း SAC-M က ဆိုသည်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသော သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးသို့ လွှဲပြောင်းပေးရန် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတကာ ဥပဒေအပေါ် လေးစားမှုကို ပြသခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖိလစ်ပိုင်အနေဖြင့် မြန်မာ့အရေးတွင်လည်း အလားတူ ဦးဆောင်မှုပေးရန် SAC-M က တောင်း ဆိုထားသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်အပြင် ၎င်းတို့၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအသစ်အရ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုများကို စီရင်ပိုင်ခွင့်ရှိနေသည့်အတွက် တက်ကြွစွာ ပါဝင်ရန် လိုအပ်ကြောင်း SAC-M က ထောက်ပြသည်။
မြန်မာစစ်တပ်က စစ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း အာဆီယံဘုံသဘောတူညီချက်များကို ချိုးဖောက်ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် အဓမ္မ စစ်သားစုဆောင်းခြင်းများဖြင့် ဒေသတွင်း အကျပ်အတည်းကို ဖန်တီးနေကြောင်း SAC-M က ထောက်ပြသည်။
မင်းအောင်လှိုင်နှင့် ကြံရာပါများကို တရားစီရင်နိုင်ခြင်းမှာမြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို ဖော်ဆောင်ပေးရုံသာမက ဒေသတွင်းရှိ အာဏာမက်သော စစ်ဗိုလ်ချုပ်များအတွက်လည်း ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း SAC-M က ထုတ်ပြန် ကြေညာထားသည်။




