ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ ကာ/လုံ ကောင်စီ အမှုဆောင်အရာရှိချုပ် တာဝန်ပေးထားသော ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ပေးမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောင်လင်းဒွေးသည် ကြံ့ဖွတ်ပါတီ၏ နေပြည်တော်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ ၏ အချိုးကျကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် စစ်တပ်၏ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသူလည်းဖြစ်သည်။
“ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖို့ သေချာသလောက်ပဲ” ဟု ကြံ့ခိုင်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ယခုရက်ပိုင်းအတွင်း ရိုက်တာသတင်းဌာနက ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သတင်းရေးသားဖော်ပြခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမည့် အောင်လင်းဒွေးသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညာလက်ရုံးလူယုံတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီအတွင်းရေးမှူး၊ စစ်ကော်မရှင်အဖွဲ့ဝင် ၊ကာလုံအမှုဆောင်အရာရှိချုပ် စသည်ဖြင့် ရာထူးအမျိုးမျိုးရယူကာ အာဏာသိမ်းမှု၏ အဓိက ပါဝင်သူ တစ်ဦးဖြစ်သည်။
အောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရာထူးအထိ အဆင့်ဆင့် တိုးမြှင့်ပေးခြင်း ခံခဲ့ရသူလည်းဖြစ်သည်။
အောင်လင်းဒွေးသည် စစ်တပ်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ် တက္ကသိုလ် ကျောင်းအုပ်ကြီး ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချုပ် ရာထူးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။




