ရန်ကုန်၊ မတ် ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးဟာ ၄ ပတ်လောက်အထိ ကြာမြင့်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဗြိတိန်သတင်းစာ Daily Mail နဲ့ အင်တာဗျူးရာမှာ သူက “ဒါဟာ သီတင်း ၄ ပတ်ကြာမယ့် လုပ်ငန်းစဉ်မျိုးပါ။ ကျွန်တော်တို့ကတော့ ၄ ပတ် ဒါမှမဟုတ် အဲ့ဒီဝန်းကျင်လောက် ကြာမယ်လို့ တွက်ထားပါတယ်။ အီရန်က အင်အားတောင့်တင်းသလို နိုင်ငံလည်း ကြီးတယ်လေ၊ ဒါကြောင့် ၄ ပတ် ဒါမှမဟုတ် အဲ့ဒီထက်နည်းတဲ့ အချိန်အတိုင်းအတာတစ်ခုတော့ ယူရပါလိမ့်မယ်” လို့ ဆိုပါတယ်။
အီရန်ဘက်နဲ့ ဆွေးနွေးဖို့ကိစ္စကိုတော့ သူက လမ်းဖွင့်ထားဆဲဖြစ်ပေမယ့် မကြာခင် ဖြစ်လာမလားဆိုတာကိုတော့ သူက အတိအကျ မပြောပါဘူး။
“သူတို့က စကားပြောချင်နေကြတာ၊ ဒါပေမဲ့ ကျွန်တော်ကတော့ မင်းတို့ ပြီးခဲ့တဲ့အပတ်ကတည်းက ပြောသင့်တာ၊ အခုမှ လာပြောလို့မရဘူး လို့ ပြန်ပြောလိုက်တယ်” ဆိုပြီး ထရမ့်က ဖွင့်ဟခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေကို ရည်မှန်းချက်အားလုံး အောင်မြင်တဲ့အထိ ဆက်လုပ်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
ဒီစစ်ဆင်ရေးအတွင်း အမေရိကန်စစ်သည် ၃ ဦး သေဆုံးသွားပြီဖြစ်ကြောင်းကိုလည်း သူက အတည် ပြုခဲ့ပြီး နောက်ထပ်လည်း အသေအပျောက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
NBC News နဲ့ အင်တာဗျူးမှာတော့ သူက “အခု အမေရိကန်စစ်သား ၃ ယောက် ရှိသွားပြီ၊ နောက်ထပ်လည်း အကျအဆုံးရှိနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာ ကမ္ဘာကြီးအတွက် တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်တစ်ခု ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ စစ်ဆင်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ထရမ့်ပြောသွားတာတွေကတော့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်နဲ့ တခြားထိပ်တန်း အစိုးရနဲ့ စစ်ဘက်ခေါင်းဆောင်တွေကို သေဆုံးစေခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ သတ်မှတ်ထားတဲ့ အချိန်ဇယားထက်တောင် စောပြီး အောင်မြင်နေတယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နဲ့ အီရန် အရာရှိတွေကြားမှာ စကားပြောဆိုမှုတွေ ရှိနေတယ် လို့ ဆိုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
လက်ရှိမှာ တိုက်ပွဲတွေကို အင်အားအပြည့်နဲ့ ဆက်လုပ်နေပြီး ခိုင်မာတဲ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ရပ်တန့်မှာမဟုတ်ဘူးလို့ ထရမ့်က အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်




